The Standard Time Digital
前往频道在 Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
显示更多未指定国家未指定类别
275
订阅者
无数据24 小时
+27 天
+2630 天
帖子存档
◾️ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု၌ဥက္ကဋ္ဌအဖြစ် မယ်လာနီးယားထရန့် တာဝန်ယူမည်
လာမည့်သီတင်းပတ်အတွင်းကျင်းပမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး တစ်ခုတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ဇနီး သမ္မတကတော် မယ်လာနီးယားထရန့်က ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ လစဉ်အလှည့်ကျ ဥက္ကဋ္ဌရာထူးကိုအမေရိကန်ပြည်ထောင်စုက ရယူချိန်တွင် လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု၌ ကိုယ်တိုင်ဥက္ကဋ္ဌအဖြစ်ပါဝင်ရန် သမ္မတကတော်မယ်လာနီးယားထရန့်က စီစဉ်ထားခြင်းဖြစ်သည်။
အိမ်ဖြူတော်သတင်းထုတ်ပြန်ချက်အရ မယ်လာနီးယားထရန့်သည် မတ် ၂ ရက်တွင် ကျင်းပမည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ‘ပဋိပက္ခကာလ ကလေးသူငယ်၊ နည်းပညာနှင့် ပညာရေး’ အမည်ရှိအစည်းအဝေး၌ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသည် တာဝန်ထမ်းဆောင်ဆဲ ကမ္ဘာ့ခေါင်းဆောင်တစ်ဦး၏ဇနီးဖြစ်သူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့်ပထမဆုံးလုံခြုံရေးကောင်စီ အစည်းအဝေးဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကုလသမဂ္ဂကို အပြင်းအထန်ဝေဖန်ထားသူဖြစ်ရာ လုံခြုံရေးကောင်စီ အစည်းအဝေးတစ်ခု၌သမ္မတကတော် မယ်လာနီးယားထရန့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူရန်စီစဉ်ထားမှုသည် အမေရိကန်နှင့် ကုလသမဂ္ဂတို့အကြား ဆက်ဆံရေးအခြေအနေ ပြန်လည်တိုးတက်လာမှု လက္ခဏာတစ်ရပ်ဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အီရန်နှင့်အမေရိကန် တတိယအကျော့ နျူကလီးယားဆွေးနွေးပွဲ ပြီးဆုံး
အမေရိကန်ပြည်ထောင်စုနှင့် အီရန်အစိုးရထိပ်တန်းကိုယ်စားလှယ်များသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီ ၂၆ ရက်တွင် တတိယမြောက် တစ်ဆင့်ခံ နျူကလီးယားဆွေးနွေးပွဲများ ကျင်းပခဲ့သော်လည်း မည်သည့်သဘောတူညီချက်မျှမရယူနိုင်ခဲ့ကြောင်း သိရသည်။
တတိယအကျော့ နျူကလီးယားဆွေးနွေးပွဲများ၌ မည်သည့်သဘောတူညီချက်မျှ မရယူနိုင်ခဲ့ ခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ၌ အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြား စစ်ရေးပဋိပက္ခ ထပ်မံဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်သည်။
သို့ရာတွင် ဖေဖော်ဝါရီ ၂၆ ရက် နျူကလီးယားဆွေးနွေးပွဲများ၌ သိသာထင်ရှားသည့် တိုးတက်မှု များရှိခဲ့ကြောင်း ကြားခံလူအဖြစ် ပါဝင်ခဲ့သောအိုမန်နိုင်ငံခြားရေးဝန်ကြီး ဘာဒါးအယ်လ်ဘူဆိုင် ဒီက ပြောကြားထားသည်။
အီရန်နိုင်ငံအနေဖြင့် နျူကလီးယားသဘောတူညီချက်တစ်ရပ် ရယူနိုင်မှုမရှိပါက စစ်ရေးအရ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့်က သတိပေးထားသည်။
အလားတူ အမေရိကန်ရေတပ်ကလည်းအီရန်ကမ်းရိုးတန်းအနီး ရေတပ်အင်အားစုစည်းထားရာ အီရန်နှင့်အမေရိကန်ပြည်ထောင်စုတို့အကြား စစ်ရေးပဋိပက္ခဖြစ်ပွားမည့်အရေးကို အရှေ့ အလယ်ပိုင်း ဒေသတွင်းနိုင်ငံများက စိုးရိမ်လျက်ရှိသည်။
အီရန်နိုင်ငံအနေဖြင့် ယူရေနီယံလောင်စာသန့်စင်မှုလုပ်ငန်းကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြောင်း အီရန်နိုင်ငံပိုင်မီဒီယာများကဖေဖော်ဝါရီ ၂၆ ရက် ဂျီနီဗာနျူကလီးယား ဆွေးနွေးပွဲမပြီးဆုံးမီ လေးမှာပင် သတင်းထုတ်ပြန်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ထိုင်းနိုင်ငံတွင် အထောက်အထားရှိ လူဟောင်းများe-Work Permit သက်တမ်းတိုးကာလ သုံးလထပ်တိုး
ထိုင်းနိုင်ငံတွင် အထောက်အထား (ပန်းရောင်ကတ်၊ CI သို့မဟုတ် passport) ရှိထားသည့် အလုပ်သမားလူဟောင်းများအတွက် အလုပ်လုပ်ခွင့်ပါမစ်ကို အွန်လိုင်းမှ သက်တမ်းတိုး (e-Work Permit)နိုင်သည့်ကာလအား သုံးလထပ်မံတိုးထားကြောင်းအလုပ်အကိုင်ဌာန၊ နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခင်က e-Work Permitအွန်လိုင်းစနစ်ဝန်ဆောင်မှုကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၉ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၈ ရက်အထိစိုးရအဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်ပြီး၎င်းစနစ်အား အလုပ်ရှင်များ၊ အလုပ်ဌာနများနှင့် နိုင်ငံခြားသားအလုပ်သမားများအတွက် အဆင်ပြေစေရန် ၂၀၂၆ ခုနှစ်ဧပြီ ၂၈ ရက်အထိ ထပ်မံတိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအွန်လိုင်းစနစ်ဖြင့် စာရင်းသွင်းရာတွင် ပြဿနာကြုံတွေ့ပါကစကရင်ရှော့ (သို့) ဓာတ်ပုံ ရိုက်ပြီးသက်သေအဖြစ် သိမ်းဆည်းကာသက်ဆိုင်ရာမြို့နယ် နိုင်ငံခြားလုပ်သားများ စီမံခန့်ခွဲရေးဌာနတွင်အကြောင်းကြားရမည်ဖြစ်ကြောင်းသိရသည်။
e-Work Permit အွန်လိုင်းစနစ်သုံး၍ နိုင်ငံခြားသားများ အလုပ်ခန့်ထားမှုနှင့် လျှောက်လွှာ တင်သွင်းမှုတွင် အခက်အခဲ ကြုံတွေ့သူများအတွက် လုပ်ဆောင်ပေးခြင်းဖြစ်ပြီး အလုပ်ရှင် များနှင့် အလုပ်ဌာနများသည် e-Work Permit အွန်လိုင်းစနစ်ဖြင့် စာရင်းသွင်းခြင်း မအောင် မြင်ပါက ယခင် မူလနည်းလမ်းအတိုင်း ဆက်လက်ဝန်ဆောင်မှု ရယူနိုင်ကြောင်း သိရသည်။
သတင်း-အာကာနွေ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️မြန်မာ့ ပထမဆုံး အာကာသယာဉ်မှူးကို ရွေးချယ်လေ့ကျင့်ပေးရန် ရုရှားကမ်းလှမ်းထား
မြန်မာနိုင်ငံ၏ ပထမဆုံးအာကာသယာဉ်မှူးကို ရွေးချယ်လေ့ကျင့်ပေးရာတွင် ရုရှားနိုင်ငံက ကူညီမည်ဖြစ်ကြောင်း ရုရှားအာကာသအေဂျင်စီ (ရော့စကော့မော့စ်) တာဝန်ရှိသူများက ဖေဖော်ဝါရီ၂၆ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအာကာသယာဉ်မှူးအား ရွေးချယ်လေ့ကျင့်ပေးမည့် အစီအစဉ်ကို ရော့စကော့မော့စ် အကြီးအကဲ ဒီမီထရီဘာကာနော့ဗ်က ယခုသီတင်းပတ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်းကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရုရှားအာကာသအေဂျင်စီအကြီးအကဲ ဘာကာနော့ဗ်သည်မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူသား များအာကာသပျံသန်းမှုနယ်ပယ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာသဘောတူညီချက်တစ်ရပ်ကို မြန်မာအစိုးရတာဝန်ရှိသူများနှင့် ရယူခဲ့သည်။
မြန်မာနိုင်ငံ ခရီးစဉ်အတွင်းရုရှားအာကာသအေဂျင်စီ အကြီးအကဲ ဘာကာနော့ဗ်သည် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။
အထက်ပါ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရယူထားသော သဘောတူညီချက်တစ်ရပ်အရ ကမ္ဘာ နီးချုပ်စပ် အာကာသဟင်းလင်းပြင်အတွင်းရှိ အာကာသဒြပ်ထည်များအား ခြေရာခံ စောင့် ကြည့်မည့် ကြိုတင်သတိပေးစနစ်တစ်ခုအတွက်လည်း မြန်မာနိုင်ငံက နေရာတစ်ခု ပံ့ပိုးပေးမည်ဖြစ်ကြောင်း ရုရှားအာကာသအေဂျင်စီကသတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ ပထမဆုံးအာကာသယာဉ်မှူးကို ရွေးချယ်လေ့ကျင့်ပေးရန် ရုရှားနိုင်ငံက ကမ်းလှမ်းထားမှုသည် ရုရှားနှင့်မြန်မာ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှု၏လက္ခဏာတစ်ရပ် ဖြစ်သည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️မဲဆောက်တွင် ဘတ်ဝန်ဆောင်မှုပေးသည့် မြန်မာသုံးဦး ဖမ်းဆီးခံရ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မဲဆောက်မြို့က ဖေဖော်ဝါရီ ၂၅ရက် မွန်းလွဲပိုင်းက ရွှေ့ပြောင်း အလုပ် သမား စာရွက်စာတမ်းများဝန်ဆောင်မှုပေးသည့် ဆိုင်တစ်ခုအားဝင်ရောက်စစ်ဆေးခဲ့ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit)မရှိဘဲ အလုပ်လုပ်နေသည့် မြန်မာနိုင်ငံ သားသုံးဦးကို ဖမ်းဆီးခဲ့ကြောင်းတာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
မဲဆောက်မြို့နယ်ချိုက်၀နာလမ်းပုဒန်းလမ်းသွယ်ရှိ၎င်းဆိုင်တွင်မြန်မာသုံးဦးအာလုပ်လုပ်ကိုင် ခွင့် လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်ခြင်းနှင့် ခွင့်ပြုထားသည့်လုပ်ပိုင်ခွင့်ထက် ကျော်လွန် လုပ်ကိုင်ခြင်းပုဒ်မများဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းတို့အား ဥပဒေအရ ဆက် လက်အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့မရဲစခန်းထံ လွှဲပြောင်းခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၏ထုတ်ပြန်ချက်အရ သိရသည်။
သတင်း-ဇော်ကိုထက်
ဓာတ်ပုံ-Tak Immigration
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️အာဖဂန်မြို့တော်ကဘူးလ်နှင့် မြို့ကြီးများကို ပါကစ္စတန် တိုက်ခိုက်
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်နှင့် ကန်ဒါဟာမြို့တို့ကို ပါကစ္စတန်က တိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်စလုံးမှ အစိုးရအရာရှိများက ပြောကြားကြသည်။
တင်းမာမှုများမြင့်တက်နေစဉ် ရန်လိုသောမည်သည့် ရည်ရွယ်ချက်များကိုမဆို အပြည့်အဝချေမှုန်းနိုင်သည့် စွမ်းရည်များ ပါကစ္စတန်တွင် ရှိကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ရှီဘက်ဇ်ရှာရစ်ဖ် က ပြောကြားသည်။
အမိမြေအား ကာကွယ်ရာ၌ အလျှော့အတင်းရှိမည်မဟုတ်ကြောင်း နှင့် ရန်လိုမှုမှန်သမျှကို ၎င်းတို့နှင့်ကိုက်ညီသည့် တုံ့ပြန်မှု လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဝန်ကြီးချုပ် ရှီဘက်ဇ်က လူမှုမီဒီယာကွန်ရက်ပေါ်တွင် ပြောကြား သည်။
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ကာဝါဂျာ မူဟမ်မက်အဆစ်ကလည်း အာဖဂန်နစ္စတန်နှင့် အတိအလင်း စစ်ဆင်နွဲနေပြီဖြစ်ကြောင်း ပြောကြားပြီး ၎င်းတို့ဘက်က သီးခံနိုင်စွမ်းကုန်ဆုံးသွားပြီဟုလည်း ဆိုသည်။
ကြီးမားသော ဆုံးရှုံးမှုများရှိနေကြောင်း နှစ်ဖက်စလုံးက ပြောကြားနေကြချိန်မှာပင် နန်ဂါဟာ ဒုက္ခသည်စခန်းတွင် အမျိုးသမီး ခုနှစ်ဦးနှင့် အမျိုးသား နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာဖဂန်အရာရှိများက ပြောကြားကြသည်။
ပါကစ္စတန်တပ်ဖွဲ့များအပေါ် တိုက််ခိုက်မှုအသစ်များဖြင့် တုံ့ပြန်ခဲ့သည်ဟု အာဖဂန် တာလီဘန်အစိုးရပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက X လူမှုကွန်ရက်ပေါ်တွင် ပြောကြားခဲ့ပြီး နောက်ပိုင်းတွင် ပို့စ် ကိုပြန်ဖျက်သွားခဲ့သည်။
“တိုက်ခိုက်ခံရရင် ကျွန်တော်တို့ လက်တုံ့ပြန်သွားပါမယ်။ လောလောဆယ်တော့ ကျွန်တော်တို့က စတင်တိုက်ခိုက်မှာမဟုတ်ပါဘူး” ဟု တာလီဘန်စစ်ဘက် ပြောခွင့်ရတစ်ဦးက ဘီဘီစီ သတင်းဌာနကို ပြောကြားသည်။
အာဖဂန်တာလီဘန် စစ်ဆင်ရေးတွင် ၎င်းတို့စစ်သားနှစ်ဦး သေဆုံးသွားကြောင်း ပါကစ္စတန်က ပြောကြားပြီးနောက် ယခုတိုက်ခိုက်မှုများ ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
ထိုအတောအတွင်းမှာပင် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဆယ်ဘင်ဖာဟန်အယ်လ်ဆော့ဒ်သည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါအား ဖုန်းခေါ်ဆိုပြီး ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုများအကြောင်း နှင့် တင်းမာမှုများ လျှော့ချရေးနည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးဌာနက လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ပြောကြားသည်။
ပါကစ္စတန်နှင့် အာဖဂန်ကြား ဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရေး ပါဝင်ကူရန် အီရန်က အသင့်ရှိနေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အာရက်ချီကလည်း လူမှုကွန်ရက်ပေါ်တွင် ထုတ်ပြန်ခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-BBC
#နိုင်ငံတကာသတင်း
◾️လမ်းအရှည်ကီလိုမီတာ ၄၀၀၀ ကို ဒရုန်းကာကွယ်ရေးပိုက်ကွန်များ ယူကရိန်းတပ်ဆင်မည်
ရှေ့တန်းနယ်မြေများရှိ ကားလမ်းများပေါ်၌မောင်းသူမဲ့လေယာဉ် (ဒရုန်း)ကာကွယ်ရေးပိုက်ကွန် များ တပ်ဆင်မှုလုပ်ငန်းကို အရှိန်မြှင့်တင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ယူကရိန်း ကာကွယ်ရေးဝန်ကြီး မစ်ခေးလိုဖီဒိုရော့ဗ်က ဖေဖော်ဝါရီ ၂၅ရက်တွင် ထုတ်ဖော် ပြောကြား လိုက်သည်။
ယခုနှစ်ကုန်ပိုင်းအရောက်တွင် ယူကရိန်းရှေ့တန်းနယ်မြေများရှိ ကားလမ်းအရှည် ကီလိုမီတာ ၄၀၀၀ အထိ မောင်းသူမဲ့လေယာဉ်ကာကွယ်ရေးပိုက်ကွန်များဖြင့် ထပ်မံလုံခြုံမှုပေးနိုင်ရန် ယူကရိန်းကာကွယ်ရေးဝန်ကြီးက ရည်ရွယ်ထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း ရှေ့တန်းနယ်မြေကားလမ်းများအတွက် မောင်းသူမဲ့လေယာဉ် ကာကွယ် ရေးပိုက်ကွန်များ ပိုမိုတပ်ဆင်နိုင်ခဲ့သော်လည်း ထပ်မံတပ်ဆင်ပေးရမည့် နေရာများရှိနေဆဲ ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးက ထုတ်ဖော်ပြောကြားထားသည်။
လာမည့် မတ်လအတွင်း ယူကရိန်းအနေဖြင့် တစ်ရက်လျှင် လမ်းအရှည် ကီလိုမီတာ ၂၀အထိ မောင်းသူမဲ့လေယာဉ်ကာကွယ်ရေး ပိုက်ကွန်များတပ်ဆင်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
ယင်းအပြင် ယခုနှစ်ကုန်ပိုင်းအရောက်တွင်ရှေ့တန်းနယ်မြေများရှိ ယာဉ်သွားလမ်းအရှည် ကီလိုမီတာ ၄၀၀၀ ကို မောင်းသူမဲ့လေယာဉ်ကာကွယ်ရေးပိုက်ကွန်များ ထပ်မံတပ်ဆင်ပေးရန် ယူကရိန်းက စီစဉ်ထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ခါးပိုက်နှိုက်ဖမ်းပေးသည့် ယာဉ်မောင်းအပါအဝင် YBS ယာဉ်မောင်း ၁၀၇ ဦးအားဆုများချီးမြှင့်
ရန်ကုန်မြို့အတွင်းမောင်းနှင်နေသည့် YBS ယာဉ်မောင်း ၁၀၇ ဦးအား စံပြယာဉ်မောင်းဆုနှင့် တာဝန်ကျေပွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်) နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ရုံးချုပ်၌ပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ၂၀၂၅ ခုနှစ်အတွက် YBS ယာဉ်မောင်း ၁၀၇ ဦးထဲမှ ၁၀၆ ဦးအား စံပြယာဉ်မောင်းဆု၊ ခါးပိုက်နှိုက်ဖမ်းပေးသည့်ယာဉ်မောင်းတစ်ဦးအား တာဝန်ကျေပွန်ဆုတို့ချီးမြှင့်ခဲ့သည်။
"ယနေ့ချီးမြှင့်တဲ့ဆုများဟာ မိမိတို့ရဲ့ကျေးဇူးရှင်များဖြစ်တဲ့ခရီးသွားပြည်သူလူထုရဲ့ အသက်အန္တရာယ်နဲ့လုံခြုံရေးကို အလေးထားဆောင်ရွက်နိုင်တဲ့ စိတ်ဓာတ်၊ စည်းကမ်းလိုက်နာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ကို ဂုဏ်ပြုချီးမြှင့်ခြင်းဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် တစ်နှစ်တာလုံးအတွက် စံပြယာဉ်မောင်းများနဲ့ မိမိရဲ့ အသက်အန္တရာယ်ကိုပင်ဂရုမစိုက်ဘဲ ခါးပိုက်နှိုက်တစ်ဦးကို ဖမ်းဆီးပြီးရဲစခန်းအပ်နှံခဲ့တဲ့တာဝန်ကျေပွန်ဆုတို့ကို ဆုချီးမြှင့်ခြင်းဖြစ်ပါတယ်" ဟု YRTC ဒုဥက္ကဌကပြောသည်။
စံပြယာဉ်မောင်းဆုရရှိသည့်ယာဉ်မောင်းများကို တစ်ဦးလျှင် ငွေကျပ်ရှစ်သိန်းချီးမြှင့်ပြီး တာဝန်ကျေပွန်ဆုရရှိသည့်ယာဉ်မောင်းတစ်ဦးကို ငွေကျပ်ငါးသိန်းချီးမြှင့်ကြောင်းသိရသည်။
စံပြယာဉ်မောင်းဆုရွေးချယ်ရာတွင် YRTC မှထုတ်ပြန်ထားသည့် ပြစ်မှုပြစ်ဒဏ် ၁၃၈ ချက်ပါ ပြစ်ဒဏ်ကင်းရှင်းသူ၊ Yangon Traffic Control Center နှင့် Yangon Bus Operator (YBO) စစ်ဆေးချက် မှတ်တမ်းပါ ပြစ်မှုကင်းရှင်းသူ၊ YRTC ID Card ရှိသူ၊ ကုမ္ပဏီတွင်အနည်းဆုံးလုပ်သက် (၁) နှစ်နှင့် အထက် မောင်းနှင်ဖူးသူ၊ အလုပ်ဆင်းရက်အများဆုံးနှင့် ခေါက်ရေအများဆုံးမောင်းနှင်ထားသူ၊ ပြစ်မှုပြစ်ဒဏ်ကင်းသူ စသည့်အချက်များကိုအခြေခံပြီး စိစစ်ရွေးချယ်ခြင်းဖြစ်ကြောင်းသိရသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ခန့်ညီ
#ပြည်တွင်းသတင်း
◾️၂၀၂၅ ခုနှစ်အတွင်း သတင်းရယူရင်းသေဆုံးသူသတင်းသမား ၁၂၉ ဦးရှိ
၂၀၂၅ ခုနှစ်အတွင်း သတင်းရယူရန် ကြိုးပမ်းရင်း သေဆုံးခဲ့ကြရသောသတင်းသမားနှင့် မီဒီယာလုပ်သား အရေအတွက်မှာ ၁၂၉ ဦးအထိ စံချိန်တင်ရှိခဲ့ရကြောင်း အမေရိကန် ပြည်ထောင်စု နယူးယောက်အခြေစိုက် သတင်းသမားများကာကွယ်ရေးကော်မတီ(စီပီဂျေ)က ဖေဖော်ဝါရီ ၂၅ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်အတွင်း သတင်းရယူရင်း သေဆုံးခဲ့ကြရသော သတင်းသမားနှင့် မီဒီယာလုပ်သား စုစုပေါင်း၏ သုံးပုံနှစ်ပုံမှာ အစ္စရေးတပ်ဖွဲ့ဝင်များ၏ပယောဂကြောင့် သေဆုံးခဲ့ကြရ သူများ ဖြစ်ကြောင်း စီပီဂျေ ၏ အဆိုအရ သိရသည်။
၂၀၂၅ ခုနှစ်အတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သတင်းသမား ၈၆ ဦး သေဆုံးခဲ့ရာ အများစုမှာ ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်း သတင်းသမားများ ဖြစ်ကြကြောင်း စီပီဂျေ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
ယင်းအပြင် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားသတ်ဖြတ်မှုအဖြစ် စီပီဂျေကသတ်မှတ်ထားသော သတင်းသမားသေဆုံးမှု ၄၇ မှုအနက် ၈၁ ရာခိုင်နှုန်းမှာအစ္စရေးတွင် တာဝန်ရှိကြောင်း စီပီဂျေအစီရင်ခံစာတွင် သုံးသပ်ထားသည်။
၂၀၂၅ ခုနှစ်အတွင်း ယီမင်နိုင်ငံရှိ ဟူသီ သတင်းမီဒီယာဌာနတစ်ခု တိုက်ခိုက်ခံရမှုတွင် မီဒီယာလုပ်သား ၃၁ ဦး သေဆုံးခဲ့ရာ စီပီဂျေက မှတ်တမ်းတင်ခဲ့ဖူးသမျှ မီဒီယာ လုပ်သားသေဆုံးမှု ဒုတိယအမြင့်မားဆုံး တိုက်ခိုက်မှုဖြစ်ကြောင်းသိရသည်။
၂၀၂၅ ခုနှစ်အတွင်း သတင်းသမားများသေဆုံးခဲ့ရသော နိုင်ငံများထဲတွင်ဆူဒန်၊ မက္ကဆီကို စသည့်နိုင်ငံများလည်းပါဝင်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
现已上线!2025 年 Telegram 研究 — 年度关键洞察 
