The Standard Time Digital
الذهاب إلى القناة على Telegram
The Standard Time Daily News and its Website cover Myanmar and World's News to the local readers across Myanmar since April 1, 2013.
إظهار المزيدلم يتم تحديد البلدالفئة غير محددة
274
المشتركون
+124 ساعات
+37 أيام
+2630 أيام
أرشيف المشاركات
◾️ဆီတန်းစီကားကို ကားတစ်စီးက နောက်မှ ဝင်တိုက်၊ တစ်ဦးသေဆုံး
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်၌ ဆီတန်းစီရန်ရပ်နားထားသည့်ကားကို ကားတစ်စီးကနောက်မှ ဝင်တိုက်ခြင်းကြောင့် တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှသိရသည်။
အခင်းဖြစ်ပွားရာနေရာမှာ ညောင်တုန်းမြို့နယ်၊ ဇီးဖြူကျွန်းကျေးရွာအုပ်စု၊ ဇီးဖြူကျွန်းကျေးရွာအနီး မိုင်တိုင်အမှတ် ၂၆/၃ နှင့် ၂၆/၄ ကြား ရန်ကုန်-ပုသိမ်ကားလမ်းမပေါ်တွင် ယနေ့(ဧပြီ ၉ ရက်) နံနက် ၄ နာရီခန့်က ရန်ကုန်ဘက်မှ မောင်းနှင်လာသည့် Nissan Diesel ယာဉ်မောင်းသည်အိပ်ငိုက်ပြီး ဆီတန်းစီရန်ရပ်နားထားသည့် Nissan Condor ယာဉ်အား နောက်မှဝင်တိုက်ခြင်းဖြစ်ကြောင်း၊ ဆီတန်းစီရန်ရပ်နားထားသည့် ယာဉ်ပေါ်မှအမျိုးသား တစ်ဦးသေဆုံးကာ မောင်းလာသည့်ယာဉ်ပေါ်မှအမျိုးသားနှစ်ဦးဒဏ်ရာရရှိကြောင်းသိရသည်။
ညောင်တုန်မြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက "ကျွန်တော်တို့ကလူနာသွား ကောက်တာပါ။ သေဆုံးတဲ့သူက အဲဒီနေရာမှာဆုံတာ။ ကျန်တဲ့နှစ်ဦးကတော့ဒဏ်ရာရတာပါ။ စိုးရိမ်းစရာတော့မရှိပါးဘူး" ဟုပြောသည်။
သေဆုံးသူအမျိုးသားကို ဆားမလောက်ကျေးရွာကူညီကယ်ဆယ်ရေးအဖွဲ့မှမော်တော်ယာဉ်ဖြင့် ညောင်တုန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူအမျိုးသားနှစ်ဦးကို လူငယ်ရိပ်မွန်လူမှုကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် ဆားမလောက်တောင်သူလယ်သမားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - mfsd
#ပြည်တွင်းသတင်း
◾️အရှေ့အလယ်ပိုင်းစစ်ပွဲအတွက် ဂြိုဟ်တုဓာတ်ပုံများ အီရန်ကို ရုရှား ပံ့ပိုးပေးခဲ့
အရှေ့အလယ်ပိုင်း စစ်ပွဲကာလအတွင်း အမေရိကန်တပ်ဖွဲ့များနှင့် အခြားပစ်မှတ်များကို အီရန်နိုင်ငံတိုက်ခိုက်နိုင်ရေးအတွက် ရုရှားဂြိုဟ်တုများက အရှေ့အလယ်ပိုင်းဒေသတစ်ခွင်ရှိ စစ်စခန်းများနှင့်အရေးကြီးသည့်နေရာများ၏ အသေးစိတ်ဓာတ်ပုံများကို ပံ့ပိုးပေးခဲ့ကြောင်း ယူကရိန်း ထောက်လှမ်းရေးအဖွဲ့အစည်းများက ဧပြီ ၇ ရက်တွင် သတင်းထုတ်ပြန် ထားသည်။
ယင်းအပြင် ရုရှားနှင့်အီရန်ဟက်ကာများသည် ဆိုက်ဘာစစ်ဆင်ရေးနယ်ပယ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြကြောင်းယူကရိန်းထောက်လှမ်းရေးအဖွဲ့များက သုံးသပ်ထားသည်။
မတ် ၂၁ ရက်မှ မတ် ၃၁ ရက်အထိ ရုရှားဂြိုဟ်တုများသည် အရှေ့အလယ်ပိုင်းဒေသ နိုင်ငံ ပေါင်း ၁၁နိုင်ငံတို့မှ နယ်မြေများကို လေ့လာတိုင်းတာမှုပေါင်း အနည်းဆုံး ၂၄ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအစီအရင်ခံစာများတွင် တင်ပြထားသည်။
ရုရှားဂြိုဟ်တုများ တိုင်းတာခဲ့သော နယ်မြေများထဲတွင် အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများမှ စစ်စခန်းများတည်ရှိရာနေရာများ၊ အရေးကြီးသော လေဆိပ်နှင့် ရေနံတွင်းများ တည်ရှိရာနေရာများပါဝင်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရုရှားဂြိုဟ်တုများက တိုင်းတာမှုများပြုလုပ်ပေးခဲ့ပြီးရက်ပိုင်းအတွင်းမှာပင် အထက်ပါစစ်စခန်းတည်ရှိရာ နေရာများ၊လေဆိပ်နှင့်ရေနံတွင်းများကို အီရန်က ဒုံးကျည် များ၊ မောင်းသူမဲ့လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယူကရိန်းထောက်လှမ်းရေးအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဘာရိန်း၏ ဟော်မုဇ်ရေလက်ကြား ဆုံးဖြတ်ချက်မူကြမ်းကို ရုရှားနှင့်တရုတ် ဗီတိုအာဏာဖြင့် ပယ်ချ
ဟော်မုဇ်ရေလက်ကြား ရေလမ်းကြောင်းများကို ကာကွယ်ရေးအတွက် ကမ္ဘာ့နိုင်ငံများ ပူးပေါင်းကြိုးပမ်းရန် အဆိုပြုထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို တရုတ်နှင့်ရုရှားတို့က ဧပြီ ၇ ရက်တွင် ဗီတိုအာဏာဖြင့် ပယ်ချခဲ့ကြောင်း သိရသည်။
ဘာရိန်းနိုင်ငံက အဆိုပြုတင်သွင်းထားသောအထက်ပါဆုံးဖြတ်ချက်မူကြမ်းကို ဧပြီ ၇ ရက် မဲခွဲပွဲတွင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံတို့ကထောက်ခံမဲပေးခဲ့ကြသော်လည်း တရုတ်နှင့်ရုရှားတို့က ဗီတိုအာဏာဖြင့် ပယ်ချခဲ့ခြင်းဖြစ်သည်။
ဘာရိန်းနိုင်ငံ၏ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းအား ရုရှားနှင့်တရုတ်တို့က ဗီတို အာဏာဖြင့် ပိတ်ပင်ခဲ့မှုကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး မိုက်ခ်ဝေါ့ဇ်က ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချခဲ့သည်။
သို့ရာတွင် ဘာရိန်းနိုင်ငံ၏ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းမှာ အီရန်အပေါ် မတရား ရာကျသည့် ဆုံးဖြတ်ချက်မူကြမ်းဖြစ်ကြောင်း ရုရှားနှင့်တရုတ်သံတမန်များက ပြောကြား ထားသည်။
ရုရှားနှင့်တရုတ်တို့အနေဖြင့် အရှေ့အလယ်ပိုင်းဒေသအတွက် ဆုံးဖြတ်ချက် မူကြမ်း သစ်တစ်ရပ်ကို လုံခြုံရေးကောင်စီသို့ အဆိုပြုတင်ပြမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးဗာဆီလီနီဗင်ယာက ပြောကြားထားသည်။
သတင်းမီဒီယာများ၏ အဆိုအရ ရုရှားနှင့်တရုတ်တို့ တင်သွင်းမည့် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းသစ်တွင် တိုက်ခိုက်မှုများ ရပ်ဆိုင်း၍သံတမန်နည်းလမ်းဖြင့် ပြဿနာ များကိုဖြေရှင်းရန်တိုက်တွန်းထားသည်။
ရုရှားနှင့်တရုတ်နိုင်ငံတို့သည် အီရန်၏အဓိကအကျဆုံးနိုင်ငံရေးနှင့် သံတမန်ရေး မဟာ မိတ်နိုင်ငံများဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အစ္စတန်ဘူလ်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအနီးသေနတ်ပစ်ခတ်မှုများ ၁၀ မိနစ်ကြာ ဖြစ်ပွားခဲ့
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့တော်ရှိ အစ္စရေးကောင်စစ်ဝန်ရုံးပြင်ပ၌ဧပြီ ၇ ရက်က တူရကီရဲတပ်ဖွဲ့ဝင်များနှင့် သေနတ်သမားအုပ်စုတစ်စုတို့အကြားပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တူရကီရဲတပ်ဖွဲ့ဝင်များနှင့် သေနတ်သမားအုပ်စုတို့အကြား ပစ်ခတ်တိုက်ခိုက်မှုများမှာ အနည်းဆုံး ၁၀မိနစ်ခန့်အထိ ကြာမြင့်ခဲ့ပြီး သေနတ်သမားတစ်ဦးသေဆုံး၍ သုံးဦး ဒဏ်ရာ ရရှိခဲ့ကြောင်း တူရကီရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါသေနတ်ပစ်ခတ်မှုများဖြစ်ပွားနေချိန်တွင် အစ္စရေးကောင်စစ်ဝန်ရုံး၌ အစ္စရေး သံတမန်များ ရှိမနေကြောင်း တူရကီတာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထားသည်။
၂၀၂၃ခုနှစ်တွင် အစ္စရေးနှင့် ဂါဇာကမ်းမြောင်အခြေစိုက် ဟားမားစ်အုပ်စုတို့အကြား စစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီးနောက် အစ္စတန်ဘူလ်မြို့ အစ္စရေးကောင်စစ်ဝန်ရုံးမှ အစ္စရေး သံတမန် များ အစ္စရေးသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း တူရကီတာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
အစ္စရေးကောင်စစ်ဝန်ရုံးအနီး တိုက်ခိုက်မှုကျူးလွန်ခဲ့သူ သေနတ်သမားသုံးဦးတို့မှာ ဘာသာ ရေးကို အမြတ်ထုတ်အသုံးချနေသော အဖွဲ့အစည်းတစ်ခုနှင့်ပတ်သက်နေကြောင်း တူရကီ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
တူရကီနိုင်ငံသည် အစ္စရေးနိုင်ငံ၏ ဂါဇာစစ်ဆင်ရေးများနှင့် လက်ဘနွန်နှင့်အီရန်တို့အား တိုက်ခိုက်နေမှုများကို ပြင်းပြင်းထန်ထန်ဝေဖန်ထားသော နိုင်ငံဖြစ်သည်။
ကိုးကား-ရိုက်တာ
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️ဓာတ်ဆီဘောက်ဆာယာဉ်ဖြင့် အခြားဆီတိုင်ကီအတွင်းသို့ ဆီလှယ်ရာမှ မီးလောင်မှုဖြစ်ပွား
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက်တွင်မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
ဧပြီ ၈ ရက် နံနက် ၈ နာရီ ၃၅မိနစ်ခန့်က မြစ်ကြီးနားမြို့နယ် ရွှေစက်ရပ်ကွက် နယ်မြေ (၁)ရှိ အိမ်အမှတ်(-)တွင် မီးလောင်မှုဖြစ်ပွားနေကြောင်းသတင်းအရ ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးဦးဆောင်၍ သန္ဓေ(၄၀)၊ အရန်(၂၀)စုစုပေါင်း ၆၀မီးငြှိမ်း သတ်ယာဉ်နှစ်စီး၊ ရေသယ်ယာဉ်လေးစီး၊ မီးသတ်စက်ယာဉ်တစ်စီး၊ သူနာတင်ယာဉ်တစ်စီး၊ ရမ်ပူရပ်ကွက် အရန်မီးသတ်မှရေသယ်ယာဉ်တစ်စီး၊ ကျွန်းပင်သာရပ်ကွက် အရန်မီးသတ်မှ ရေသယ်ယာဉ်တစ်စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ရေသယ်ယာဉ်တစ်စီး၊စုစု ပေါင်း ၁၁ စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၂၀ ခန့်တွင် မီးထိန်းနိုင်ပြီး နံနက် ၉ နာရီ ၄၅မိနစ်ခန့် မီးငြိမ်းသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ခြံဝင်းကို ငှားရမ်းလုပ်ကိုင်သည့်ဦး..အသက်(၄၀)သည်ခြံဝင်းအတွင်းရှိ ဓာတ်ဆီ ဘောက်ဆာမှ အခြားဆီတိုင်ကီ အတွင်းသို့စက်ဖြင့်ဆီလှယ်ရာ ပိုက်ဆက်ပြုတ်၍ မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
မီးလောင်မှုကြောင့် (HINO)တွဲယာဉ်ဘောက်ဆာတစ်စီး၊ ဓာတ်ဆီပီပါ ၁၂ လုံး၊ ပေ ၃၀_၃၀ သွပ်မိုး၊အုပ်ညှပ်၊ မြေစိုက်တစ်ထပ်၊ ပေ ၃၀_၂၀ သွပ်မိုး၊ အထပ်သားကာ မြေစိုက်တစ်ထပ်၊ စုစုပေါင်း အဆောက်အအုံနှစ်လုံး ဆုံးရှုံးခဲ့ကြောင်း သိရသည်။
သတင်း-နိုင်၀င်းစိုး
ဓာတ်ပုံ- CJ
#ပြည်တွင်းသတင်း
◾️မြန်မာအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲသို့နိုင်ငံခြားရေးဝန်ကြီးဟောင်းကို ထိုင်းစေလွှတ်မည်
ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရအဖွဲ့သစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် ထိုင်းနိုင်ငံ၏ ကိုယ်စားလှယ်အဖြစ်နိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီးဘာဟီဒါနူကာရာကို ထိုင်းအစိုးရ က စေလွှတ်မည်ဖြစ်ကြောင်း ထိုင်းသတင်းအရင်းအမြစ်များက ဧပြီ ၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
မြန်မာအစိုးရအဖွဲ့သစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီး အနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဒေသတွင်းဆွေးနွေးပွဲမိတ်ဖက်နိုင်ငံများမှ ကိုယ်စား လှယ်များနှင့်အတူ တက်ရောက်မည်ဖြစ်ကြောင်း ထိုင်းအစိုးရသတင်းအရင်းအမြစ်များ၏ အဆိုအရ သိရသည်။နိုင်ငံခြားရေးဝန်ကြီးဟောင်းပန်ပရီးသည် လက်ရှိ ထိုင်းနိုင်ငံခြား ရေးဝန်ကြီး ဆီဟာဆက်ခ်၏ နိုင်ငံခြားရေးမူဝါဒ အကြံပေးအဖွဲ့ အကြီးအကဲအဖြစ် တာဝန်ယူထားသူဖြစ်သည်။
ထိုင်းနိုင်ငံအနေဖြင့် အာဆီယံနှင့် မြန်မာနိုင်ငံတို့အကြား ပေါင်းကူးတံတားအဖြစ် ရပ်တည် လိုကြောင်းထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ခ်က ပြောကြားထားသည်။
၂၀၂၁ ခုနှစ်အတွင်း ပေါ်ပေါက်ခဲ့သည့် မြန်မာ့နိုင်ငံရေးအပြောင်းအလဲများကို အကြောင်း ပြု၍ အာဆီယံအဖွဲ့သည် အဓိကအာဆီယံ ထိပ်သီးညီလာခံများ၌ မြန်မာအစိုးရ ခေါင်းဆောင်များ ပါဝင်တက်ရောက်ခွင့်ကို ပိတ်ပင်ထားသည်။
သတင်း-ဗျည်းနွဲ့
ကိုးကား-ထိုင်းပီဘီအက်စ်
#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◾️အနီရောင်အဆင့် အဆောက်အအုံများပြုပြင်ခြင်း လုပ်ငန်းအပ်နှံစာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကျင်းပ
မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် (MCEF)မှ အသင်းဝင် ကုမ္ပဏီများသို့ အနီရောင်အဆင့် အဆောက်အအုံများပြုပြင်ခြင်း လုပ်ငန်းအပ်နှံ စာချုပ်ချုပ် ဆိုပွဲအခမ်းအနားကို ဧပြီ ၇ ရက် နံနက် ၁၀ နာရီက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့သည်။
အခမ်းအနားစတင်ဖွင့်လှစ်ရာ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း ချုပ် (MCEF) ဒုတိယဥက္ကဋ္ဌ၊ စီမံကိန်းလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လင်းကအဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် MCEF အထွေထွေအတွင်းရေးမှူးချုပ် ဦးကိုကိုလေးက အသင်းချုပ်၏ ဆောင်ရွက်ချက်များနှင့် ကူညီပံ့ပိုးပေးနေသည်များကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက် အထွေထွေ အတွင်းရေးမှူး စီမံကိန်းဒါရိုက်တာ ဦးထိပ်တင်ဟန်လင်းက နည်းပညာ ပိုင်း ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး စီမံကိန်း ဒါရိုက်တာ(စီမံ) ဦးဝင်းခိုင်က လုပ်ငန်းစာချုပ်ချုပ်ဆိုရခြင်းနှင့် ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်း ပြောကြားသည်။
ထို့နောက် MCEF နှင့်လုပ်ငန်းများကို တာဝန်ယူလုပ်ဆောင်နေကြသည့် အသင်း ဝင် ကုမ္ပဏီများသည် အနီရောင်အဆင့် အဆောက်အအုံများ ပြုပြင်ခြင်းလုပ်ငန်း သဘောတူစာချုပ်များကို ချုပ်ဆိုကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကုမ္ပဏီများက သိလိုသည်များမေးမြန်းကြရာ MCEF အသင်းချုပ်တာဝန်ရှိသူများက ပြန်လည်ရှင်း လင်းပြောကြားခဲ့သည်။ ထို့နောက် MCEF ဒုတိယဥက္ကဋ္ဌ စီမံကိန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးသက်လင်းက နိဂုံးချုပ်စကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယနေ့ကျင်းပသည့်အခမ်းအနားတွင် MCEF မှ အသင်းဝင် ကုမ္ပဏီ ၈၀ ကို အနီရောင် အဆင့်လုပ်ငန်းများပြုပြင်ခြင်းအတွက် စီမံကိန်းလုပ်ငန်းတန်ဖိုးငွေ ကျပ် ဘီလီယံ ၇၀ ကျော်ကို စာချုပ်ချုပ်ဆိုတာဝန်ပေးအပ်ခဲ့ပြီး MCEF က စီမံကိန်းအောင်မြင်စွာ ဆောင်
ရွက်နိုင်ရန် အသင်းဝင်ကုမ္ပဏီများအား လိုအပ်သောပစ္စည်း၊ ငွေကြေးများ ထောက်ပံ့ ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ-MCEF
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
◾️စီအင်န်ဂျီယာဉ် ပိုင်ဆိုင်သူများ နှစ်ပတ်လည်စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံရမည်
စီအင်န်ဂျီ (CNG) ယာဉ် ပိုင်ဆိုင်သူများ နှစ်ပတ်လည် စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံယူခြင်းများ ပြုလုပ်ရန်နှင့် နှစ်ကျော်အိုးများ သုံးစွဲနေသည်ကိုတွေ့ရှိရပါက CNG ဓာတ်ငွေ့ရောင်းချမှုအပြီးတိုင် ရပ်ဆိုင်းမည်ဖြစ်ကြောင်းစွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ထားကြောင်း သိရသည်။
ဖိအားမြှင့် သဘာ၀ဓာတ်ငွေ့(CN: Compressed Natural Gas)သည် သဘာ၀ဓာတ်ငွေ့ကို ဆလင်ဒါအိုးများအတွင်း မြင့်မားသော ဖိအားဖြင့် ဖိသိပ်မောင်းသွင်းထားသောကြောင့် အိုးများမှာ ကြံ့ခိုင်မှုမရှိခြင်း၊ ဘားများမလုံခြင်း၊ ပိုက်များ ကြံ့ခိုင်မှုမရှိခြင်းတို့ကြောင့် ပြင်ပ သို့ ဓာတ်ငွေ့ယိုစိမ့်ပါက မီးလောင်ပေါက်ကွဲပြီးသုံးစွဲသူများ ထိခိုက်ပျက်စီးနိုင်ပြီး အန္တရာယ်ရှိပါသဖြင့် ခရီးသွားပြည်သများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်ရန် CNG မော် တော်ယာဉ်များကို နှစ်စဉ်နှစ်ပတ်လည် (Annual Inspection) စစ်ဆေးခြင်းကို မော်တော်ယာဉ်သုံး သဘာ၀ဓာတ်ငွေ့ဌာနက အထူးအလေးထား စိစစ်ဆောင်ရွက် ပေးလျက်ရှိပြီး စစ်ဆေးမှုအောင်မြင်သော ယာဉ်များကိုသာစီအင်န်ဂျီ အသုံးပြုခွင့် စာအုပ်နှင့်ကတ် ဆက်လက်ခွင့်ပြုပေးလျက်ရှိသည်။
ထို့ပြင် စတင်ထုတ်လုပ်သည့်ခုနှစ်မှစ၍ ငါးနှစ်ပြည့်ပြီးသော CNGဆလင်ဒါအိုးများအား ပထမအကြိမ်စစ်ဆေးခြင်း၊ ဒုတိယငါး နှစ်ပြည့်လျှင်ဒုတိယအကြိမ် ထပ်မံဖိအားခံနိုင်မှု စစ်ဆေးခြင်းများကိုလည်း CNGမော်တော်ယာဉ်သုံး သဘာ၀ဓာတ်ငွေ့ဌာနက စနစ်တကျ စက်ကိရိယာများဖြင့် သေချာစွာ စမ်းသပ်စစ်ဆေးပေးလျက်ရှိသည်။
CNG အိုးသက်တမ်း (၁၅)နှစ် ကျော်လွန်သည့် အိုးများအတွက် ထုတ်လုပ်သည့် နိုင်ငံ/ အရည်အသွေးအာမခံမှုပေါ် မူတည်၍ သီးခြားထပ်မံစစ်ဆေးကာ သက်တမ်းတိုးခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း အိုးအများစုကိုပယ်ဖျက် ( Reject) စာရင်း သတ်မှတ်ဖျက်ဆီးလျက်ရှိသည်။
စီအင်န်ဂျီ မော်တော်ယာဉ်ပိုင်ရှင်ပြည်သူများအနေဖြင့် အများပြည်သူလုံခြုံ ဘေးကင်းရေး အတွက်ဌာနက ဆောင်ရွက်သည့် နှစ်ပတ်လည် စစ်ဆေးခြင်းများကို မဖြစ်မနေစစ်ဆေးမှုခံ ယူသွားပါရန်နှင့် သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ နှစ်ကျော်အိုး များကိုသုံးစွဲနေကြောင်း စစ်ဆေးတွေ့ရှိရပါက စီအင်န်ဂျီယာဉ်အဖြစ်ဓာတ်ငွေ့ရောင်းချမှုကို အပြီးတိုင်ရပ်ဆိုင်းသွားမည်ဖြစ်သည်။
စီအင်န်ဂျီ မော်တော်ယာဉ်ပိုင်ဆိုင်သူ ပြည်သူများအနေဖြင့် နှစ်ပတ်လည်စစ်ဆေးခြင်းနှင့် ဆလင်ဒါအိုး စစ်ဆေးခံယူခြင်းများကို ၂၀၂၆ခုနှစ် ဧပြီ ၃၀ ရက်အတွင်း CNG ဌာနသို့ လာရောက်ဆက်သွယ် စစ်ဆေးခံယူကာ စီအင်န်ဂျီ ဝယ်ယူခွင့်စာအုပ်နှင့် ကတ်သစ် ထုတ်ယူခြင်းများကိုလာရောက်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော် အသိ ပေးထားသည်။
လာရောက် စစ်ဆေးခံယူခြင်းမရှိသည့် နှစ်ပြည့်သက်တမ်း ငါးနှစ်ကျော်လွန်သည့် မော်တော် ယာဉ်များကို ၂၀၂၆ ခုနှစ်၊ မေ ၁ ရက်မှစ၍ စီအင်န်ဂျီ ယာဉ်စာရင်းမှ (အပြီးအပိုင်) ပယ်ဖျက် သွားမည်ဖြစ်ပြီး နှစ်ပတ်လည် စစ်ဆေးခြင်းခံယူမှု ငါး နှစ်အောက်ဖြစ်သည့် မော်တော်ယာဉ် များအနေဖြင့် ၂၀၂၆ ခုနှစ် မေ ၁ရက်မှစ၍ တစ်နှစ်ကျော်လွန်ပါကစီအင်န်ဂျီ ဝယ်ယူခွင့် သုံးလ၊ နှစ်နှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့်ခြောက်လ၊ သုံးနှစ်ကျော်လွန်ပါကစီအင်န်ဂျီ ဝယ်ယူခွင့် ကိုးလနှင့် လေးနှစ်ကျော်လွန်ပါက CNG ဝယ်ယူခွင့်တစ်နှစ်အဖြစ် ပြစ်ဒဏ်များ သတ်မှတ်ပြီး ဓာတ်ငွေ့ရောင်းချပေးမှုကိုရပ်ဆိုင်းခြင်းခံရမည်ဖြစ်သည်။
သို့ဖြစ်၍ စီအင်န်ဂျီ မော်တော်ယာဉ် ပိုင်ရှင်ပြည်သူများအနေဖြင့် ခရီးသွားပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် ခရီးသွားလာနိုင်ရေးအတွက် မော်တော်ယာဉ်သုံးသဘာ၀ဓာတ်ငွေ့ ဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည့် ဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းအစီအစဉ်များကို အထူး အလေးထားလိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်အပ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
သတင်း-လူ့တလူ
ဓာတ်ပုံ- MDN
#ယနေ့ထုတ်သတင်းစာ_ပြည်တွင်းသတင်း
متاح الآن! بحث تيليغرام 2025 — أهم رؤى العام 
