cookie

نحن نستخدم ملفات تعريف الارتباط لتحسين تجربة التصفح الخاصة بك. بالنقر على "قبول الكل"، أنت توافق على استخدام ملفات تعريف الارتباط.

avatar

Sar Pay Yek Woon 📚📖📝🖇

မိတ်ဆွေအရင်းမှာ စာအုပ်၌ ရှိနေသည် ... Ch ani .. 18 , 10 , 2022

إظهار المزيد
مشاركات الإعلانات
456
المشتركون
لا توجد بيانات24 ساعات
لا توجد بيانات7 أيام
لا توجد بيانات30 أيام

جاري تحميل البيانات...

معدل نمو المشترك

جاري تحميل البيانات...

“ဘယ်လောက် ဆက်မောင်းရဦးမလဲဟင်”.. သူဇာလွင်မေးလိုက်တယ်။ တစ်ရက်လုံးနီးနီး ဆက်တိုက် မောင်းလာရတဲ့အတွက် မျက်လုံးတွေက ကျိန်းစပ်စပ်ဖြစ်ချင်နေပြီ။ မင်းခန့်ထူးကလည်း လူကောင်းပကတိ ပြန်မဖြစ်သေးတော့ ကားမောင်းလို့မရ။ လေးလလောက် ကြာသွားပေမယ့် ခေါင်းကဒဏ်ရာက အကင်းမသေသေးဘူးတဲ့.. အချိန်မရွေးမူးလဲ သွားနိုင်တယ်တဲ့.. ဆရာဝန်က သေချာမှာလိုက်တယ်။ “သိပ်မလိုတော့ဘူးဗျ။ ရှေ့နားမှာ ညာကွေ့ရမယ်” ငါးမိနစ်လောက် ဆက်မောင်းပြီးမှ လမ်းသွယ်လေး မြင်ကွင်းထဲကို ဝင်လာတယ်။ သူဇာလွင် ကားကို လမ်းထဲကို ချိုးဝင်လိုက်တယ်။ အမြန်လမ်းပေါ်ကနေ မြေနီလမ်းပေါ်ကို ရောက်သွားတဲ့အတွက် ကားက နည်းနည်း ခုန်လာတယ်။ “ကျွန်မ အခု သွားနေတာ မှန်ရော မှန်ရဲ့လား ကိုမင်းခန့်ထူး”.. သူဇာလွင် မေးလိုက်တယ်။ “သေချာပါတယ်။ မြေပုံထဲက အတိုင်း သွားနေတာပဲ” “ကျွန်မမေးတာ အဲဒါမဟုတ်ဘူးလေ။ အခု.. အဲဒီနေရာကို သွားနေတာ.. ကျွန်မ ဆုံးဖြတ်ချက် မှန်ရဲ့လား..လို့” “အဲဒါတော့ ကျွန်တော် မပြောတတ်ဘူး”.. မင်းခန့်ထူးက ပြောတယ်။ အာလူးကြော်ထုပ်ကို ပြန်ပိတ်ပြီး နောက်ခန်းထဲကို ပစ်ထည့်တယ်။ “ဒါပေမယ့် မမှန်လည်း ခင်ဗျား သွားမှာပဲ မဟုတ်လား” သူဇာလွင် ခဏတွေသွားတယ်။ ပြီးမှ ခေါင်းညိတ်လိုက်တယ်။ မျှော်လင့်ချက် တစ်စ.. ဘယ်လောက်ပဲသေးသေး.. လိုက်ဖမ်းရမှာပဲ။ “အင်း.. ဟုတ်တယ်။ အစကတည်းက ကျွန်မ သွားချင်နေတာ။ ရှင် ဆေးရုံမှာ သတိလစ်နေလို့..ထားခဲ့လို့ မဖြစ်တာနဲ့..” “ဪ..” “အခုတော့ ရှင်ပါလာတာ ကျွန်မ အားရှိပါတယ်။ တကယ်ပြောတာ ကိုမင်းခန့်”.. သူဇာလွင် ပြောရင်း မင်းခန့်ထူးကို လှည့်ကြည့်လိုက်တယ်။ မင်းခန့်ထူးက သူဇာလွင့်ကို မကြည့်ဘဲ အရှေ့ကို ကြည့်နေတယ်။ မျက်နှာကတော့ ပြုံးနေတယ်။ “ကျေးဇူးပါ မသူဇာ”.. မင်းခန့်ထူးက ပြောတယ်။ သူဇာလွင် ပြုံးပြီး အရှေ့ကို ပြန်လှည့်.. မောင်းနေတဲ့ကားကို အာရုံပြန်စိုက်လိုက်တယ်။ တလိမ့်လိမ့် လူးနေတဲ့ ကားရဲ့အောက်က မြေနီလမ်းလေး ကျဉ်းသထက်ကျဉ်းလာတယ်။ နေရောင်ခြည်က လျော့သထက် လျော့လာတယ်။ မသဲမကွဲ မြင်ရရုံ..။ ကားမီးရောင်အောက်မှာ သစ်သားဆိုင်းဘုတ်လေးတစ်ခု တဖြည်းဖြည်း ပေါ်လာတယ်။ ဆိုင်းဘုတ်မှာ ရေးထားတဲ့စာကို သူဇာလွင်ဖတ်လိုက်တယ်။ “မုယောရွာသို့ မိုင် ၂၀” ++++++++++++++++++++ THE END. — စာရေးသူ၏ မှတ်ချက် — စကားဝါဇာတ်လမ်းကတော့ ဒီမှာတင် ပြီးပါပြီ။ သူဇာလွင့် ဇာတ်လမ်းကတော့ အခုမှ စတဲ့ သဘောပေါ့။ ဘာပဲဖြစ်ဖြစ် ဒီနေရာကို ကျွန်တော်နဲ့အတူတူ ခရီးဆက်လာပေးတဲ့ စာဖတ်ပရိသတ်တွေကို တကယ်ကျေးဇူးတင်ပါတယ်။ စိတ်ရှည်လက်ရှည် စောင့်ဖတ်ပေးတဲ့ သူတွေရှိနေလို့လည်း ကျွန်တော့် ခေါင်းထဲက ဇာတ်လမ်း အကောင်အထည်ပေါ်လာတာပါ။ စကားဝါ ဇာတ်လမ်းကို ဒီနေရာမှာတင် အဆုံးသတ်လိုက်တဲ့အတွက် စာဖတ်သူတွေ ဘက်က မေးခွန်းတချို့ကျန်နေသေးတာကို ကျွန်တော် နားလည်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေဟာ ကိုယ် စေသလို က,ရတဲ့ ဇာတ်ကောင်တွေ ဖြစ်ပေမယ့် သူတို့ မလုပ်ချင်တဲ့အရာတွေကို ကျွန်တော် အတင်းအကြပ် မခိုင်းချင်ဘူး။ စကားဝါ သတ္တဝါ.. ဘယ်ကလာသလဲ.. ဘယ်ကိုဆက်သွားသလဲဆိုတာထက် သူဇာလွင်ဆိုတဲ့ မိန်းကလေးတစ်ယောက် စကားဝါ ကိစ္စကြောင့် ပြောင်းလဲသွားပုံ အပေါ်မှာ အာရုံစိုက်ခြင်းဟာ ပိုစိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကျွန်တော် ထင်တယ်။ ဇာတ်လမ်းကို ဒါကြောင့် ခေါင်းထဲမှာ အကြိမ်ကြိမ်ပြောင်းဖြစ်ခဲ့တယ်။ စကားဝါ မကောင်းဆိုးဝါးကို အပြီးပြတ် အနိုင်ရဖို့ထက်.. သူဇာလွင်ကနေ.. ပပဝေ ဖြစ်သွားတဲ့ ဇာတ်ကြောင်းက ပိုစွဲမက်ဖို့ကောင်းတယ်လို့ ကျွန်တော် ယုံကြည်တယ်။ သူ့အမေကို ပြန်လိုက်ရှာချင်တဲ့ စိတ်အင်အားတစ်ခုနဲ့ အဆုံးသတ်လိုက်ရတာကို ကျွန်တော် ကျေနပ်တယ်။ ကျွန်တော့်အထင်အမြင်.. ကျွန်တော့် ယုံကြည်ချက်တွေ ကျွန်တော် ကျေနပ်တာ မကျေနပ်တာတွေဟာ စာဖတ်သူတွေနဲ့ ကိုက်ချင်မှလည်း ကိုက်မယ်။ ဒါပေမယ့် ကျွန်တော်နဲ့ စိတ်ချင်းတူတဲ့သူတွေလည်း စာဖတ်သူတွေထဲမှာ အများကြီး ရှိမယ် ထင်ပါတယ်။ စိတ်ချင်း မညီတဲ့သူတွေလည်း ဒီဇာတ်လမ်းကနေ ဖျော်ဖြေမှု တစ်ခုခု ရမယ်လို့ မျှော်လင့်ပါတယ်။ စကားဝါ ဇာတ်လမ်း ပြီးသွားပေမယ့်.. သူဇာလွင်နဲ့ မင်းခန့်ထူးရဲ့ စွန့်စားခန်းတွေကတော့ အခုမှ စလုံးရေ စမယ်လို့ ပြောလို့ရတယ်။ နောင်ကိုလည်း သူတို့ရဲ့ ဇာတ်လမ်းတွေကို ဆက်ရေးသွားမှာပါ။ စကားဝါပြီးတော့.. မုယော..ပေါ့လေ။ P.S – This story is dedicated to my wife, the bravest woman I’ve ever known. Love you babe. ကျေးဇူးပါ။ ချမ်းမြေ့ဝင်း ၂၃-မေလ-၂၀၂၀
إظهار الكل...
“ကျွန်မ မသိဘူး။ စိတ်ထဲ ထင်ရာမြင်ရာတွေ လုပ်လိုက်တာပါပဲ။ ကျွန်မ ကိုယ်ထဲက အင်အား တချို့ ရှင့်ဆီ ဝင်သွားပါစေလို့ နေ့တိုင်း ဆုတောင်းတာ တစ်ခုပဲ။ ဆုတောင်းပြည့်သွားလို့ နေမှာပေါ့”.. သူဇာလွင် အပေါ်ကို မော့ကြည့်ရင်း ပြောလိုက်တယ်။ မင်းခန့်ထူးကလည်း အပေါ်ကို လိုက်မော့ကြည့်တယ်။ “အပေါ်မှာ ဘာရှိလို့လဲဗျ” “ဘာမှ မဟုတ်ပါဘူး” “ဪ..။ ခင်ဗျားကိုယ်ထဲက ခွန်အားတွေ ကျွန်တော့်ဆီ ထည့်ပေးတယ်ဆိုတာ ဘယ်လိုထည့်ပေးတာလဲဗျ”.. မင်းခန့် မေးတယ်။ သူဇာလွင် မျက်နှာတွေ ပူသလိုလို ဖြစ်လာပြီး အကြည့်ကို လွှဲလိုက်တယ်။ “အခု ရှင့်ကုမ္ပဏီရော အဆင်ပြေရဲ့လား။ ရှင်မရှိတော့ ဘာတွေလုပ်နေကြသလဲ”.. စကားလမ်းကြောင်း မြန်မြန်ပြောင်းသွားအောင် ပါးစပ်ထဲရောက်လာတဲ့ မေးခွန်းတစ်ခုကို သူဇာလွင် ကောက်မေးလိုက်တယ်။ “အာ.. အရင်ကလည်း ကျွန်တော် မရှိဘဲ လုပ်နေကြတာပဲ။ အခုလည်း ဒီအတိုင်းပဲပေါ့။ ခင်ဗျားရော နောက်ပိုင်း ဘာဆက်လုပ်မယ် စိတ်ကူးသလဲ”..မင်းခန့်ထူးက မေးတယ်။ “ကျွန်မအလုပ်ပဲ ဆက်လုပ်ရမှာပေါ့။ သတင်းထောက် အလုပ်လေ” “ဒါဆို.. ဒီဘက် အလုပ်ကရော”.. မင်းခန့်ထူးက သူဇာလွင့် အင်္ကျီလက်ထိပ်မှာ တစွန်းတစ ပေါ်နေတဲ့ ဆေးမင်ရုပ် အပိုင်းအစတွေကို လက်ညှိုနဲ့ ထိကြည့်ရင်း မေးတယ်။ “အဲဒါတော့ ကျွန်မ မသိဘူး။ ကျွန်မက ဒါမျိုးတွေလုပ်ဖို့ သင်တန်းတွေဘာတွေတက်ထားတာလည်း မဟုတ်ဘူး။ ဘယ်သူမှလည်း သင်ပေးမထားဘူး။ ဘယ်က ဘယ်လို စလုပ်ရမှန်းလည်း မသိဘူး”.. သူဇာလွင် ပြန်ပြောလိုက်တယ်။ “စကားဝါက ခင်ဗျားအတွက် သင်ခန်းစာ အမှတ် (၁) ဖြစ်သွားတာပေါ့လေ”.. မင်းခန့်ထူးက ပြောရင်း ကားပါကင်က ဝင်ထွက်သွားလာနေတဲ့ ဆေးရုံကားတွေကို ငေးကြည့်နေတယ်။ “သာမန်အဖြစ်အပျက်တွေနဲ့ အလုပ်များနေတဲ့ သာမန်လူတွေအတွက်တော့ ကျွန်တော်တို့ စကားဝါ ဇာတ်လမ်းက ယုံတမ်းပုံပြင် တစ်ခုပဲဗျ.. နော်” “အင်း” “ခင်ဗျား မမမေကိုရော ခွင့်လွှတ်နိုင်ပြီလား”.. မင်းခန့်ထူးက သူဇာလွင့်ဘက် ပြန်လှည့်လာရင်း မေးတယ်။ “ခွင့်မလွှတ်ဘဲ စိတ်ဆိုးစိတ်ကောက်နေရအောင်လည်း ကျွန်မအသက်က ၃၀ ကျော်ပြီ။ ပြီးတော့.. အမေ့မှာ သူ့အခက်အခဲတွေ ရှိခဲ့မှာပေါ့။ ကျွန်မတောင်မှ တစ်ယောာက်တည်း ဆက်မရင်ဆိုင်ရဲလို့ ရှင့်ကို သေတွင်းကနေ အတင်းဆွဲခေါ်ခဲ့တာပဲလေ။ အမေ တစ်ယောက်တည်း ဒီလောက် နှစ်တွေအကြာကြီး ဘယ်လို ရင်ဆိုင်ခဲ့သလဲ ကျွန်မ တွေးလို့တောင် မရဘူး” “အခု.. သူမရှိတော့ဘူးဆိုတော့ တာဝန်တွေ ခင်ဗျားပေါ်ကို ကျလာပြီပေါ့။ ကျွန်တော့် ပယောဂလည်း မကင်းတဲ့အတွက် ကျွန်တော် ခင်ဗျားကို စောင့်ရှောက်ပါ့မယ်။ ခင်ဗျားလို စူပါပါဝါတွေတော့ မရှိဘူးပေါ့လေ။ ဘေးနားကနေ ဟိုကူဒီကူပေါ့” “တော်တော့။ ပေါက်ကရတွေ ပြောမနေနဲ့ ကိုမင်းခန့်ထူး။ ကျွန်မက မမမေ မဟုတ်ဘူး။ သူ့လို ဓားတစ်ချောင်း ကျောမှာလွယ်၊ ဆိုင်ကယ်တစ်စီးနဲ့ တစ်နိုင်ငံလုံး ပတ်သွားနိုင်တဲ့ အခြေအနေလည်း မရှိဘူး။ ကျွန်မရဲ့ သတင်းထောက် အလုပ်ကိုလည်း မစွန့်လွှတ်နိုင်ဘူး”.. သူဇာလွင် ပြောလိုက်တယ်။ ဟုတ်တယ်။ သတင်းထောက် အလုပ်ကိုတော့ ပစ်မချခဲ့နိုင်ဘူး။ တစ်သက်လုံး ရုန်းကန် ရယူလာခဲ့ရတဲ့ အရာတစ်ခု..။ “အင်း.. ကျွန်တော် နားလည်ပါတယ်။ ဖြည်းဖြည်းပေါ့” “ဒါပေမယ့် ကျွန်မ သွားချင်နေတဲ့ နေရာတစ်ခုတော့ ရှိတယ်။ အဲဒီနေရာကို ရှင်လိုက်ခဲ့မလား”.. သူဇာလွင် မေးလိုက်တယ်။ “မေးနေစရာလိုသေးလို့လား မသူဇာ။ ကျွန်တော့်မှာ ဘာအလုပ် ရှိလို့လဲ”.. မင်းခန့်ထူးက ပြုံးရင်း ပြန်ဖြေတယ်။ +++ အခန်း (၃၈) (က) အမြန်လမ်းပေါ်မှာ သူဇာလွင့်ရဲ့ ကားလေးက တရိပ်ရိပ်ပြေးနေတယ်။ ကားစတီရင်ကို ကိုင်ထားရင်း သူဇာလွင့် အတွေးတွေ ဟိုရောက်ဒီရောက်ဖြစ်နေတယ်။ နေဝင်စအချိန်မို့ လမ်းတစ်ခုလုံးက ရွှေအိုရောင်သမ်းနေတယ်။ ကားမီးအောက်မှာ ဝှစ်ခနဲ ၀ှစ်ခနဲ ပေါ်လာတဲ့ အလင်းပြန်တုံးတွေ အတန်းလိုက်..အတန်းလိုက် ဘေးမှာ ကျန်ခဲ့တယ်။ ဒီဘက်ပိုင်းကို ရောက်လာတာနဲ့ အမျှ ရာသီဥတုကလည်း ချမ်းစိမ့်စိမ့်ဖြစ်လာတယ်။ တောင်ကုန်းတောင်တန်းတွေ ပိုများလာတယ်။ သစ်ပင်တွေ ပိုပြီး စိမ်းလာတယ်။ “ဆောရီးဗျာ.. ကျွန်တော် ကားမောင်းလို့ မရသေးလို့။ ပင်ပန်းနေပြီလား မသူဇာ”.. ဘေးခုံမှာ ထိုင်လိုက်လာတဲ့ မင်းခန့်ထူးက မေးတယ်။ ပါးစပ်ထဲမှာလည်း ဘာတွေဝါးနေသလဲမသိ တဂျွတ်ဂျွတ်နဲ့။ ရန်ကုန်က စထွက်လာကတည်းက မင်းခန့်ထူးတစ်ယောက် မုန့်တွေကို တစ်ထုပ်ပြီးတစ်ထုပ် ဖောက်စားလာတာ.. အခုထိ မရပ်သေးဘူး။ “ရပါတယ်”.. သူဇာလွင် ပြန်ပြောလိုက်တယ်။ မျက်လုံးကို လမ်းမမှာ အာရုံစိုက်ထားလို့ သူ့ကို လှည့်မကြည့်အားသေးဘူး။ “စားမလားဗျ။ ဒီအာလူးကြော် တော်တော်ကောင်းတယ်” “ဟင့်အင်း။ နောက်မှ” “ခွံ့ကျွေးရမလား”.. အာလူးကြော်ကို ကိုင်ထားတဲ့ မင်းခန့်ထူးလက်က သူဇာလွင့် ပါးစပ်နားကိုရောက်လာတယ်။ ယောင်ပြီး ပါးစပ်ဟပေးလိုက်တော့မလို့ ပြင်ပြီးမှ သူဇာလွင် ပါးစပ်ကို ပြန်ပိတ်လိုက်တယ်။ ခေါင်းခါလိုက်တယ်။ မင်းခန့်ထူးက လက်ကို ပြန်ရုတ်သွားတယ်။ “အခု ကျွန်တော်တို့ နှစ်ယောက်တည်း ခရီးထွက်လာတော့ ခင်ဗျားရုံးက လူတွေ ဘာပြောသေးလဲ” “ဘာပြောရမှာလဲ။ ကျွန်မ ကလေးမှ မဟုတ်ပဲ”.. သူဇာလွင် ပြန်ဖြေလိုက်တယ်။ တကယ်ကတော့ ကွယ်ရာမှာ သေချာပေါက် အတင်းပြောကြမှာ..သေချာတယ်။ “ဪ..”
إظهار الكل...
“ဒါနဲ့ဆို ခင်ဗျား တောင်းပန်နေတာ အကြိမ် ၂၀၀ လောက်ရှိပြီထင်တယ်။ ရပါပြီ မသူဇာ.. မတောင်းပန်ပါနဲ့။ ဆွဲကြိုးကို ဆက်ဆွဲထားရင်လည်း အခုလောက်ဆို ကျွန်တော် ရူးနေလောက်ပြီ။ ခင်ဗျား ဆုံးဖြတ်ချက် မှန်ပါတယ်။ ညစောင့်ဦးလေးကြီးကတော့ အလကားသက်သက် ခံလိုက်ရတာပေါ့။ တော်သေးတယ် သူ မသေသွားလို့။ ခင်ဗျားက မမမေထက်တောင် ပိုကြမ်းတာပဲဗျ.. နော်” “အာ.. ပေါ့ပျက်ပျက်တွေ လျှောက်ပြောမနေနဲ့။ ကျွန်မကိုယ် ကျွန်မ ဘာလုပ်လိုက်မိမှန်းတောင် သေချာ မမှတ်မိဘူး။ အဲဒီ ဦးလေးကြီးက ပြောသေးတယ်တဲ့.. ကျွန်မ မျက်လုံးတွေ မည်းနက်နေတယ်ဆိုလား..။ တော်သေးတာပေါ့ ကိုယ့်ကိုယ်ကိုယ် အဲဒီအချိန်တုန်းက မှန်ထဲမှာ ပြန်မကြည့်လိုက်မိလို့။ တော်ကြာ လန့်ပြီး တက်သေသွားဦးမယ်” “ဟားဟား… ခင်ဗျားကို အဲဒီ မျက်လုံး နက်နက်တွေနဲ့ တစ်ခါလောက်တော့ မြင်ဖူးချင်သေးတယ်။ ဘယ်လို လုပ်ယူရတာလဲဗျ။ အတွင်းအားတွေဘာတွေ သုံးရတာလား”.. မင်းခန့်ထူးက နောက်ပြောနေမှန်း သိသာနေတဲ့ အသံနဲ့ မေးတယ်။ သူဇာလွင် သူ့မေးခွန်းကို အဖက်လုပ်ပြီး ပြန်ဖြေမနေတော့ဘူး။ စကားလမ်းကြောင်းကို ပြန်တည့်ပေးလိုက်တယ်။ “ရှင့်ကို ကျွန်မ တောင်းပန်တယ်ဆိုတာ.. တောင်းပန်ရမှာပေ့ါ။ ကျွန်မကြောင့် ရှင့်ရဲ့ စကားဝါ ဇာတ်လမ်း.. မလှမပနဲ့ အဆုံးသတ်သွားတာ မဟုတ်ဘူးလား။ အခု ဒီမကောင်းဆိုးဝါးက ဘယ်နေရာမှာ သွားပုန်းနေသလဲ မသိဘူး။ ဘယ်သူ့ကို ဒုက္ခပေးဦးမှာလဲ မသိဘူး” “ကျွန်တော့်ရဲ့ စကားဝါ ဇာတ်လမ်းထက် ခင်ဗျားရဲ့ သူဇာလွင် ဇာတ်လမ်းက ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ စကားဝါနဲ့ သူဇာလွင် အခု တိုက်ရိုက်ပတ်သက်သွားပြီပဲ။ ကျွန်တော့်ဇာတ်လမ်းကို ခင်ဗျားနဲ့ အဆုံးသတ်လိုက်ရတာ ကျွန်တော် ကျေနပ်ပါတယ်” “ဒါပေမယ့်.. ဟိုမကောင်းဆိုးဝါးက..လွတ်သွား” “လွတ်သွားတော့လည်း ဘာတတ်နိုင်မှာလဲဗျာ”.. မင်းခန့်ထူးက ကော်ဖီကို အကုန် မော့သောက်လိုက်ရင်း ပြောတယ်။ “ဒါမျိုးက အပြီးတိုင် ပြီးပြတ်သွားတာမျိုး ဟုတ်ချင်မှ ဟုတ်မှာပေါ့။ မကောင်းဆိုးဝါးဆိုတာမျိုးက တစ်နည်းမဟုတ် တစ်နည်း.. ပုံစံတစ်မျိုးမျိုးနဲ့ ထပ်ပေါ်လာဦးမှာပဲ။ စကားဝါက အကောင်ကိုတော့ ခင်ဗျား နိုင်သွားပါပြီ.. ခင်ဗျား ပြောပုံအရဆိုရင် ဒီကောင်က ခင်ဗျားကို ဖင်တုန်အောင် ကြောက်ပြီး ထွက်ပြေးသွားတာလေ။ ခင်ဗျားလုပ်လွှတ်လိုက်တာ တော်တော် အထိနာသွားပုံပဲ။ တော်ရုံနဲ့ ပြန်ပေါ်လာမှာ မဟုတ်ဘူး။ ပေါ်လာရင်လည်း ထပ်ရှင်းတာပေါ့။ ဒါပဲ ရှိတာပဲ..” သူပြောလိုက်တော့လည်း ဘာမှ မဟုတ်သလိုလို..။ မင်းခန့်ထူးရဲ့ ခေါင်းပေါ်က ပေါက်ခါစ ဆံပင်တိုတိုလေးတွေကို ကြည့်ရင်း သူဇာလွင် စိတ်ထဲ ဝမ်းနည်းသွားမိပြန်တယ်။ ခေါင်းခွံကို ခွာပြီး ခွဲစိတ်ထားတာဆိုတော့ ဘယ်လောက်များ နာလိမ့်မလဲ..။ “ဪ.. ဒါနဲ့.. လော့ကတ်သီးကို ဖွင့်ကြည့်လိုက်တော့ ဘာတွေ့လဲဗျ။ အဲဒါ ကျွန်တော် မမေးရသေးဘူး။ ဘာလဲ အထဲက နဂါးတွေ ဂဠုန်တွေ ခုန်ထွက်လာပြီး ခင်ဗျားလက်ထဲ တန်းဝင်သွားတာလား.. အဲဒီလိုလား”.. မင်းခန့်ထူးက အားတက်သရော လေသံနဲ့ မေးတယ်။ “မဟုတ်ပါဘူး”.. သူဇာလွင် မျက်မှောင်ကြုတ်ပြီး ပြန်ဖြေလိုက်တယ်။ ဒီလူမေးလိုက်ရင် အကုန်လုံးက ကလေးကစားစရာတွေ ဖြစ်ကုန်ပြီ။ “အဲဒီထဲမှာ ကျွန်မ မွေးကာစတုန်းက ဓာတ်ပုံထင်တယ်.. ။ အဲဒီ ဓာတ်ပုံပေါ်မှာ ကျွန်မရဲ့ နာမည် အရင်းကို သွေးနဲ့ ရေးထားတာ..။ အမေ့ရဲ့ အစီအမံ တစ်ခုခု ဖြစ်မှာပေါ့” “ဟမ်.. ခင်ဗျားနာမည် အရင်းဆိုတာ ဘာလဲ.. ဘာတဲ့လဲ” “ပပဝေ..တဲ့” “ပပဝေ.. ပပဝေ”.. မင်းခန့်ထူးက နာမည်ကို ရွတ်ရင်း ပါးစပ်ထဲ အရသာခံကြည့်သလို နှုတ်ခမ်းကို သပ်တယ်။ “အင်း.. ခင်ဗျားနဲ့တော့ သိပ်မလိုက်ဘူး။ သူဇာလွင် ဆိုတဲ့နာမည်က ပိုလိုက်တယ်။ ကျွန်တော်ကတော့ ပပဝေလို့ မခေါ်ဘူးဗျာ။ မသူဇာပဲ။ မမမေ..နဲ့ ပပဝေ.. အင်း.. ဇာတ်မင်းသမီးနာမည်တွေဗျနော်..” “အာ.. ရှင်ဘယ်လို ဖြစ်နေတာလဲ။ သတိရလာပြီးကတည်းက ပြောင်ချော်ချော်နဲ့။ အင်တာဗျူးတုန်းက အဲဒီလို မဟုတ်ပါဘူး” “ဟားဟား”.. မင်းခန့်ထူးက ရယ်ပြန်တယ်။ “ကျွန်တော့်ကိုယ်ထဲမှာ ဝင်နေတဲ့ အပူမီးက ဘယ်လောက်တောင် ပြင်းသလဲဆိုတာ အဲဒါသာ ကြည့်တော့။ အခုတော့ အရမ်းကို ပေါ့ပါးသွားတာ။ ဘာကိုမှ စိတ်မပူတော့ဘူး။ ကြောက်လည်း မကြောက်တော့ဘူး။ အရမ်းကို စိတ်ချမ်းသာနေတယ်။ အဲ.. ခင်ဗျား နေ့တိုင်း လာမတွေ့တော့မှာကိုတော့ ကြောက်တယ်ဗျ။ အဲဒါပဲ” “အခုလည်း နေ့တိုင်းလာတွေ့နေတာပဲ။ ရှင် လုံး၀ သက်သာသွားတဲ့အထိ ကျွန်မ လာတွေ့နေမှာပါ။ ရှင်အခုရော ဘယ်လိုနေလဲ.. ခေါင်းကဒဏ်ရာ.. သက်သာသွားပြီလား။ ထူထူထောင်ထောင် ပြန်ဖြစ်နေပေမယ့် အထဲမှာ ဘာတွေဖြစ်နေသလဲ မသိဘူးနော်။ စွတ်သောင်းကျန်းမနေနဲ့ဦး”.. သူဇာလွင် လေသံ မာမာနဲ့ ပြောလိုက်တယ်။ “အထဲမှာ အကုန် အကောင်းအတိုင်းပဲတဲ့ ဆရာဝန်တွေက ပြောပြီးပြီလေ။ အဲဒီတုန်းက ဘေးမှာ ခင်ဗျားလည်း ရှိနေတာပဲ။ သူတို့တောင် မယုံနိုင်ဖြစ်နေတယ်။ မသူဇာ နေ့တိုင်း လာလာပြီး အားပေးလို့ ကိုမင်းခန့်ပြန်ကောင်းသွားတာ ဖြစ်မယ်တဲ့.. သူနာပြုဆရာမလေးက ပြောသွားသေးတယ်။ ခင်ဗျား ကျွန်တော့်ကို ဘယ်လို ကုပေးလိုက်တာလဲ”
إظهار الكل...
အခန်းထဲကို ဝင်လာကြတဲ့ တဖတ်ဖတ် ခြေသံတွေကို ကြားရတယ်။ ဆရာဝန်တွေ သူနာပြုတွေရဲ့ အာမေဋိတ်သံတွေ..။ အရေးပေါ် အချက်ပေးသံတွေ..။ အဲဒီအသံတွေရှိရာကို သူဇာလွင် လှည့်မကြည့်အားဘူး။ ဖက်ထားတဲ့လက်တွေ လွှတ်လိုက်ရင် သူ ပြန်ပျောက်ကွယ်သွားမှာစိုးလို့.။ +++ အခန်း (၃၇) (က) “ရှင် သတိလစ်နေတော့ အိပ်မက်ဆိုးတွေ မက်သေးသလား”.. သူဇာလွင် မေးလိုက်တယ်။ သူဇာလွင်တို့နှစ်ယောက် အခု ဆေးရုံရဲ့ ၀ရန်တာမှာ..။ မင်းခန့်ထူးက သူဇာလွင် ဖျော်ပေးထားတဲ့ ကော်ဖီကို ခပ်ဖြေးဖြေး မျှင်းပြီးသောက်နေတယ်။ ၀ရန်တာကနေ ငုံ့ကြည့်လိုက်ရင် အောက်မှာ ရပ်ထားတဲ့ ကားတွေကို လှမ်းမြင်နေရတယ်။ ကားပါကင်ထဲကို ဝင်လာလိုက်၊ ထွက်သွားလိုက်၊ ဆေးရုံတက်ဖို့ ရောက်လာကြတဲ့ လူနာတွေ.. ဆေးရုံကပြန်ဆင်းသွားကြတဲ့ လူကောင်းတွေ..။ “ဟားဟား.. ကျွန်တော်လည်း သတိလစ်တဲ့နေရာမှာ ဆရာတစ်ဆူဖြစ်နေပြီနော်။ ဒီတစ်ခါတော့ အကြာဆုံးပဲ”.. မင်းခန့်ထူးက ခပ်ကြဲကြဲရယ်သံနဲ့ ပြောတယ်။ မင်းခန့်ထူး သတိပြန်ရလာတာ ဒီနေ့ဆိုရင် တစ်ပတ်ကျော်သွားပြီ။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေက မြန်ဆန်လွန်းလို့ သူဇာလွင့် ဦးနှောက်က လိုက်မီအောင် မနည်းလိုက်မှတ်နေရတယ်။ နေ့ရက်တိုင်းက အရှိန်နဲ့ လည်နေတဲ့ ရဟတ်တစ်ခုလို မှုန်ဝါးနေတယ်။ သူဇာလွင့်ထက် ဆယ်နှစ်ကျော်ကျော် လောက် သိသိသာသာ ကြီးနေတဲ့ မင်းခန့်ထူးကို ရှင်နဲ့ ကျွန်မနဲ့ ပြောရတာ တစ်မျိုးကြီးတော့ ဖြစ်နေတယ်။ ဦးလေးလို့ ခေါ်ရမှာလား.. ဆိုးလိုက်တာ..။ ဒါပေမယ့် အစ်ကိုတွေ ညီမတွေနဲ့လည်း မပြောတတ်တော့ဘူး။ မင်းခန့်ထူးကတော့ သူ့ရဲ့ နေ့ခြင်းညခြင်း ပြောင်းလဲသွားတဲ့ သက်တမ်းကို သိပ်ဂရုမစိုက်သလို ခပ်ပေါ့ပေါ့ပဲ။ တခြားသူတွေက သတိထားမိလို့ မေးရင်လည်း ဟာသနှောပြီး ရောချပစ်လိုက်တာပဲ..။ သတိပြန်ရလာပြီးကတည်းက မင်းခန့်ထူးရဲ့ မျက်နှာက အမြဲလိုလို ပြုံးယောင်သမ်းနေတယ်။ သူ့ကို ဂရုတစိုက် လာလာစောင့်ပေးတဲ့ သူဇာလွင့်ကို ကျေနပ်တဲ့ အကြည့်တွေနဲ့ ကြည့်နေတယ်။ အမြဲ တပြုံးပြုံးလုပ်နေလို့ သူဇာလွင်တောင် အမြင်ကပ်ချင်လာတယ်။ ဒါပေမယ့် မင်းခန့်ထူးရဲ့ အခု အသက် ၄၅ နှစ်မျက်နှာက… ဟိုတစ်ခါ တွေ့ရတဲ့ လူငယ်မျက်နှာထက်တောင် ပိုပြီး လန်းဆန်းနေတာ အမှန်ပဲ။ စိတ်ပျိုကိုယ်နုဆိုတာ အဲဒါကိုပြောတာနေမှာပါ့.. သူဇာလွင် တွေးလိုက်တယ်။ “ကဲ.. စကားကို အတည်ပြောစမ်းပါ ကိုမင်းခန့်ထူးရယ်။ ဝေ့လည်ကြောင်ပတ်တွေ လုပ်ပြန်ပြီ” “ဒီနေ့ ဘာလို့ အင်္ကျီလက်ရှည်ကြီး ဝတ်လာတာလဲဗျ။ လက်မောင်းကဟာတွေကို လူမြင်မှာစိုးလို့လား”.. မင်းခန့်ထူးက သူဇာလွင့် ရှပ်အင်္ကျီလက်နေရာကို မေးငေါ့ပြပြီး မေးတယ်။ “ရုံးမှာကျတော့ မကောင်းဘူးလေ” “ဟမ်.. ရုံးပြန်သွားနေပြီလား” “မသွားလို့ ရမလား။ ကြာရင် ဟိုမိန်းမ ကေသီမောင်က ကျွန်မ အလုပ်ကိုပါ လုသွားလိမ့်မယ်။ အခုတောင် သူက မှုခင်းသတင်းဘက်ကို ပြောင်းမယ်ဆိုလား မသိဘူး ပြောနေတာ” မင်းခန့်ထူးက သဘောကျသွားသလို ဟက်ဟက်ပက်ပက် ရယ်တယ်။ သူဇာလွင်လည်း ပြုံးမိမလိုလို ဖြစ်သွားတယ်။ “ခင်ဗျားကတော့ တကယ့်လူပဲဗျာ။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ်၊ မိုးပေါ်က သိကြားမင်း ဆင်းတားရင်တောင် အလုပ်ကို ဆက်လုပ်မယ့်သူမျိုး။ လေးစားတယ်။ ကျွန်တော် ခင်ဗျားကို တကယ် သဘောကျတယ်” သူဇာလွင့် မျက်နှာက နီချင်ချင် ဖြစ်သွားတယ်။ သူသတိလစ်နေတုန်းက သူ့လက်တွေကို နေ့တိုင်း လာလာကိုင်ပေးထားတာ။ သူသတိရလာတော့ သူ့ကို အတင်းဖက်ထားမိတာ။ ဒါတွေကို မင်းခန့်ထူး မမှတ်မိပါစေနဲ့လို့ ဆုတောင်းတယ်။ ဒါပေမယ့် မင်းခန့်ထူးပုံစံက အဲဒါတွေကို သိသိကြီးနဲ့ မသိချင်ယောင်ဆောင်နေတဲ့ ရုပ်မျိုး။ “ထားပါတော့ ကျွန်မ မေးတာကို ဖြေပါဦး” “ဪ.. အိပ်မက်လား..။ အိပ်မက်တွေတော့ ဆက်တိုက် မက်တာပေါ့။ ဘယ်လောက်ကြာသွားသလဲ ကျွန်တော် မသိဘူး။ သတိလစ်သွားတဲ့ အချိန်နဲ့ သတိပြန်ရလာတဲ့အချိန်က တစ်မိနစ်လား တစ်လလား တစ်နှစ်လား ကျွန်တော် မဝေခွဲတတ်ဘူး။ အမှောင်လိုလို အလင်းလိုလို နေရာတစ်ခုပဲဗျ.. အိပ်မက်ထဲကနေရာကို ပြောတာပါ။ အဲဒီနေရာမှာ.. ကျွန်တော့်ကို ကျွန်တော့်သူငယ်ချင်းတွေ လာတွေ့ကြတယ်.. ကျော်ဇော.. မျိုးမြတ်အောင်..” “ယမင်း၊ ဖြူမော်၊ နယ်လီ၊ မိနှင်း”.. သူဇာလွင် သူ့စကားကို ဆုံးအောင် ဝင်ထောက်ပေးလိုက်တယ်။ မင်းခန့်ထူးက သူဇာလွင့်ကို တစ်ချက်ကြည့်‌ပြီး ကျေနပ်သွားသလို ခေါင်းညိတ်တယ်။ “အင်း.. သူတို့တွေ ကျွန်တော့်ကို လာတွေ့ကြတယ်” “ဟုတ်လား..။ ရှင့်ကို ပြဿနာရှာနေတုန်းပဲလား” မင်းခန့်ထူးက ခေါင်းခါတယ်။ “ဟင့်အင်း..။ လာနှုတ်ဆက်ကြတာပါ။ စကားဝါ မကောင်းဆိုးဝါး ကျွန်တော့်ကိုယ်ထဲမှာ မရှိတော့ဘူးဆိုတော့ သူတို့လည်း လွတ်ကျွတ်သွားပြီ ထင်တာပဲ။ ဟုတ်မဟုတ်တော့ ကျွန်တော်လည်း မသိဘူးလေ။ ဒါမျိုးက အတိအကျ ပြောလို့ရတာမှ မဟုတ်ပဲ။ ဒါပေမယ့် ကျွန်တော့် မသိစိတ်ကတော့ သူတို့တွေ ငြိမ်းအေးသွားပြီလို့ ယုံကြည်နေတာပဲ” “ကျွန်မကြောင့် အဲဒီ မကောင်းဆိုးဝါး လွတ်ထွက်သွားတာ.. ကျွန်မ တောင်းပန်ပါတယ်။ ကျွန်မ ရှင့်ဆွဲကြိုးကို ဆွဲမဖြုတ်ခဲ့ရင်.. ရှင်အခုလို ဖြစ်မှာ မဟုတ်ဘူး”
إظهار الكل...
သူဇာလွင် မင်းခန့်ထူးဘေးမှာ ပြန်ဝင်ထိုင်တယ်။ မင်းခန့်ထူးရဲ့ လက်တစ်ဖက်ကို ဆွဲယူပြီး သူ့လက်ဖဝါးကို သူဇာလွင့် လက်ခုပ်နှစ်ခုကြားမှာ အသာညှပ်ပြီး.. ဖွဖွဆုပ်ထားလိုက်တယ်။ “ကိုမင်းခန့်ထူး။ ရှင့်ကိုကျွန်မ လွှတ်မပေးနိုင်သေးတာ ခွင့်လွှတ်ပါ”.. သူဇာလွင် ပြောလိုက်တယ်။ နေ့တိုင်းနေ့တိုင်း.. ဒီနေရာကိုလာ.. သူ့လက်တွေကို ကိုင်ပြီး ဒီစကားကိုပဲ ထပ်ကာထပ်ကာ။ မင်းခန့်ထူးရဲ့ ခပ်အေးအေး လက်ဖဝါး.. သူဇာလွင့်လက်ထဲမှာ တဖြည်းဖြည်း နွေးလာတယ်။ “ကျွန်မက မမမေ.. မဟုတ်ဘူး။ အမေ့လို တစ်ယောက်တည်း ဆက်ပြီး ခရီးနှင်နိုင်တဲ့ သတ္တိမျိုး ကျွန်မမှာ မရှိဘူး။ ရှင်သေလို့ မဖြစ်သေးဘူး ကိုမင်းခန့်”.. သူဇာလွင် ပြောပြီးတာနဲ့ မျက်လုံးတွေကို မှိတ်လိုက်တယ်။ သူမမြင်ဖူး မတွေ့ဖူးတဲ့ သူတွေကို တိုင်တည်ပြီး ဆုတောင်းတယ်။ “ကျွန်မရဲ့ စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုခုပဲ ဖြစ်ဖြစ်.. ရှင်သန်မှု တစ်စိတ်တစ်ပိုင်းကိုပဲ ဖြစ်ဖြစ်.. ဒီလူကို ခွဲဝေပေးပါရစေ..” လွန်ခဲ့တဲ့ ရက်တွေကတည်းကလည်း သူဇာလွင် သူ့လက်ဖဝါးတွေကို ဆုပ်ကိုင်ရင်း ဒီဆုကို အမြဲတောင်းတယ်။ ဆုတောင်း မပြည့်သေးပါဘူး.. ဒါပေမယ့် အားလုံးက သေလူလို့ သတ်မှတ်ထားတဲ့ မင်းခန့်ထူးရဲ့ နှလုံး.. ရပ်တန့်မသွားသေးတာ တစ်ခုတည်းနဲ့တင် သူဇာလွင် ဖြေသာပါတယ်။ ဆေးရုံကလူတွေကတော့ ..မင်းခန့်ထူးလက်ကို ကိုင်ပြီး နာရီပေါင်းများစွာ မလှုပ်မယှက် ထိုင်နေတတ်တဲ့ သူဇာလွင့်ကို အရူးမလို ကွက်ကြည့်ကွက်ကြည့် လုပ်ကြတယ်။ ဒါပေမယ့် သူဇာလွင့်မှာ သူတို့ကို ခွဲပေးစရာ အာရုံမရှိဘူး။ မင်းခန့်ထူးကိုယ်ထဲကို အင်အားတွေ ခွဲဝေပေးနိုင်ဖို့ အပြည့်အ၀ အာရုံစိုက်နေရတယ်လေ။ အခုတော့ သူတို့ကို ဝိုင်းကြည့်နေတဲ့ မျက်လုံးတွေ မရှိတော့ပါဘူး။ အားလုံးက ဒီမြင်ကွင်းကို ရိုးသွားကြပြီ..။ အခု သူတို့နှစ်ယောက်တည်း။ “ကျွန်မ ရှင့်ကို မယုံခဲ့မိတာ တောင်းပန်ပါတယ်။ ရှင့်လည်ပင်းက ဆွဲကြိုးကို ဆွဲဖြုတ်ခဲ့မိတာလည်း တောင်းပန်တယ်…။ ကျွန်မမှာ တောင်းပန်စရာတွေ အများကြီး ကျန်သေးတယ် ကိုမင်းခန့်ထူး။ နောင်တတွေ တစ်ပုံကြီးနဲ့ ကျွန်မ ဘယ်လို ရှေ့ဆက်ရမလဲ..။ အခု စကားဝါ.. စကားဝါ.. မကောင်းဆိုးဝါးကို ကျွန်မ တစ်ယောက်တည်း ဘယ်လို လိုက်ရှာရမလဲ.. ။ အမေ့ သတင်းတွေကို ဘယ်လို လိုက်စုံစမ်းရမလဲ..။ ရှင် အသက်ဆက်ရှင်ပေးမှ ဖြစ်မယ်” သူဇာလွင့်လက်ထဲက မင်းခန့်ထူးရဲ့ လက်ဖဝါးက နွေးနေသေးတယ်။ လက်ချောင်းလေးတွေ လှုပ်များ လှုပ်သွားသလား..။ သူဇာလွင် အားတက်လာပြီး မင်းခန့်ထူးမျက်နှာကို သေချာစိုက်ကြည့်တယ်။ မျက်လုံးတွေ ပွင့်လာမလား..။ စကားတစ်ခွန်းလောက်များ ပြောလိုက်လေမလား..။ ဒါပေမယ့် နှလုံးခုန်နှုန်း တိုင်းတဲ့စက်ရဲ့ တတီတီ အသံကလွဲရင် အခန်းထဲမှာ တိတ်ဆိတ်နေတယ်။ သူဇာလွင် စိတ်ပျက်လက်ပျက်နဲ့ မင်းခန့်ထူးရဲ့လက်ကို အသာ ပြန်ချပေးလိုက်တယ်။ “ကျွန်မကို ဒီစွမ်းအားတွေ ပေးထားတာ ဘာအတွက်လဲဟင်”.. သူဇာလွင် အပေါ်ကို မော့ကြည့်ပြီးပြောလိုက်တယ်။ “ဒီလူတစ်ယောက်ကိုတောင် မကယ်တင်နိုင်ဘဲ ကျွန်မ ဘယ်လို ရှေ့ဆက်ရမလဲ။ ရှင်တို့ပေးထားတဲ့ တာဝန်တွေကို ဘယ်လို ထမ်းဆောင်ရမှာလဲ။ ဘာ ယုံကြည်ချက်နဲ့ ကျွန်မ ဆက်လုပ်ရမှာလဲ။ ကျွန်မ အမေလည်း ရှင်တို့အတွက်နဲ့ အသက်ပေးလိုက်ရပြီ..။ အခု.. ဒီလူ.. ကျွန်မ ဂရုစိုက်တဲ့သူကိုပါ မကယ်တင်နိုင်ဘူးဆိုရင် ကျွန်မ ဒီအလုပ်ကို ဆက်မလုပ်နိုင်ဘူး” လေတစ်ချက်လောက် ဝေ့သွားမလား.. ခန်းဆီးစတွေ လှုပ်ခါသွားမလား..။ တစ်ခုခုများ အချက်ပြလာမလား… သူဇာလွင် စောင့်ကြည့်နေသေးတယ်။ ဘာမှ ထူးမလာဘူး။ “တကယ် မတရားဘူး”.. သူဇာလွင် ပြောရင်းနဲ့ ရင်ထဲမှာ တလှပ်လှပ်ဖြစ်လာတယ်။ မင်းခန့်ထူးလက်မောင်းပေါ်မှာ မျက်နှာကို အပ်.. ငိုချလိုက်တယ်။ ဒီလိုငိုခဲ့ရတာ ဒါ ပထမဆုံး မဟုတ်သလို.. နောက်ဆုံးလည်း ဖြစ်မယ်မထင်ဘူး။ မမမေရဲ့ သွေးတွေ သူဇာလွင့် ကိုယ်ခန္ဓာထဲမှာ စီးဆင်းနေပေမယ့် သူဇာလွင် အဲဒီလောက် အသည်းမမာနိုင်သေးဘူး။ သူဇာလွင်ဟာ သူဇာလွင်ပဲ.. ပပဝေ.. အစစ် မဖြစ်သေးဘူး။ “မငိုပါနဲ့ မသူဇာ” သူဇာလွင် လန့်ပြီး ထခုန်လိုက်တယ်။ ကုတင်ပေါ်မှာလှဲရင်း.. သူ့ကို ကြည့်နေတဲ့ မျက်လုံးတစ်စုံ..။ လွန်ခဲ့တဲ့ တစ်လလောက်တုန်းက စားပွဲရဲ့ ဟိုဘက်ကနေ သူဇာလွင့်ကို စိုက်ကြည့်နေခဲ့တဲ့ မျက်လုံးတွေ..။ အခု.. အဲဒီမျက်လုံးတွေရဲ့ အထဲမှာ ဝေဝေဝါးဝါး အရိပ်အယောင်တွေ မရှိတော့ဘဲ ကြည်လင်နေတယ်။ အရောင်သိပ်မတောက်တော့ပေမယ့် လတ်ဆတ်နေတယ်။ ကြက်သေသေပြီး အတောင့်လိုက် ဖြစ်နေတဲ့ သူဇာလွင့်ကို ကြည့်ရင်း မင်းခန့်ထူးက အားယူပြီး ပြုံးတယ်။ “ကျွန်တော် ပထမဆုံးတွေ့ရတဲ့ မျက်နှာ.. ခင်ဗျား မျက်နှာဖြစ်နေတာ တော်တော် အဆင်ပြေတယ်ဗျာ” သူဇာလွင် အိခနဲ တစ်ချက်အော်ပြီး မင်းခန့်ထူးကို လှမ်းဖက်လိုက်တယ်။ သူဇာလွင် အရှိန်နဲ့လှမ်းဖက်လိုက်တော့ ပြုတ်ထွက်သွားတဲ့ ပိုက်တွေ ကြိုးတွေကြောင့် စက်တွေက တတီတီမြည်လာတယ်။ မင်းခန့်ထူးက သူဇာလွင့် လက်မောင်းတွေကို အသာကိုင်ထားရင်း အသက်ရှူဖို့ကြိုးစားနေရတဲ့ အသံနဲ့ ခပ်တိုးတိုးရယ်တယ်။
إظهار الكل...
“ညီမ ကျွန်တော်တို့ကို တကယ် ပြောစရာ မကျန်တော့ဘူးလား”.. ရဲအရာရှိက မေးတယ်။ သူ့မျက်လုံးတွေက သူဇာလွင့် လက်က ဆေးမင်ရုပ်တွေဆီကို ခဏခဏ ရောက်လာတယ်။ ဘာမေးချင်တာလဲ။ မေးလေ…။ အမှန်အတိုင်းဖြေလိုက်ရင် သူဇာလွင် ထောင်ထဲတော့ ရောက်မှာ မဟုတ်ဘူး။ စိတ္တဇဆေးရုံအပို့ခံရမှာ။ သူဇာလွင် ခေါင်းခါလိုက်တယ်။ “ဒါနဲ့ ကိုမင်းခန့်ထူးရဲ့ အင်တာဗျူးကရော ဘာထူးလဲဗျ။ ဒီကိစ္စနဲ့တော့ မဆိုင်ပါဘူး။ ဒီအတိုင်း စိတ်ဝင်စားလို့ မေးတာပါ။ သူ့ကို အကုန်လုံးက စောင့်ကြည့်နေခဲ့ကြတာလေ။ ညီမကို သူ ဘာတွေပြောသွားလဲ” “ဘာမှ မပြောပါဘူး။ သူပြောတာတွေက ကယောက်ကရက်တွေ များပါတယ်။ သတင်း အဖြစ် လုပ်ရေးလို့ရတာတောင် တစ်ခုမှ မပါဘူး”.. သူဇာလွင် ပြန်ဖြေလိုက်တယ်။ ရဲအရာရှိက ခေါင်းတညိတ်ညိတ်လုပ်တယ်။ စိတ်မောသွားသလို သက်ပြင်းကို ဟူးခနဲ မှုတ်ထုတ်တယ်။ “အင်း.. ခင်ဗျားတို့ရုံးခန်းထဲကို ဝင်လာတာ လူတစ်ယောက်တည်းတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဗျ။ တစ်ရုံးလုံး ဒီလောက်ပျက်စီးသွားပုံကိုထောက်ရင် ဓားပြအဖွဲ့တစ်ဖွဲ့ဖွဲ့ ဖြစ်ဖို့များတယ်။ ပစ္စည်းတွေဘာတွေများရှိမလား ဆိုပြီး ဝင်လုတာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် တံခါးကို အထဲက သော့ခတ်သွားတာကိုတော့ ကျွန်တော် နားမလည်ဘူး။ တမင် လှည့်ကွက်လုပ်သွားတာလား မသိပါဘူး။ ခင်ဗျား ဘယ်လိုထင်သလဲ” “ဟင့်အင်း မပြောတတ်ဘူး။ ဒါနဲ့ ကျွန်မ ပြန်လို့ ရပြီလားဟင်။ ကျွန်မ ဒီစခန်းမှာ ရောက်နေတာ တစ်ရက်နဲ့ တစ်ည ရှိတော့မယ်။ လူလည်း အရမ်းပင်ပန်းနေပြီ။ ရေလည်း မချိုးရသေးဘူး။ တစ်ကိုယ်လုံး စုတ်ပြတ် နံစော်နေပြီ” “ဆောရီးဗျာ။ ကျွန်တော်တို့လည်း ဒီအမှုရဲ့ သဲလွန်စဆိုလို့ ညီမတစ်ယောက်ပဲ ရှိတော့ မေးရင်း မေးရင်းနဲ့ ကြာသွားတာ။ ရပါတယ်။ ညီမ ပြန်ဖို့ စီစဉ်ပေးမယ်။ ခဏလေးနော်”.. ရဲအရာရှိက ပြောရင်း အခန်းထဲကနေ ထထွက်သွားတယ်။ သူဇာလွင် အတွေးတွေနဲ့ တစ်ယောက်တည်း ကျန်ခဲ့တယ်။ ပူနေသေးတဲ့.. လက်မောင်းနှစ်ဖက်ကို ဘယ်ညာ ပွတ်သပ်နေရင်း သူဇာလွင့် အာရုံတွေက စကားဝါအိမ်ဆီကို လွင့်ပျံသွားတယ်။ ဒီမကောင်းဆိုးဝါး.. ဘယ်ကို ပျောက်သွားတာလဲ။ ဘယ်နေရာမှာ ပြန်ပေါ်လာမှာလဲ..။ ဒါ သူဇာလွင့် အပြစ်ပါပဲ..။ မယုံကြည်ခြင်းရဲ့ အပြစ်တွေ။ ဒါပေမယ့် .. ဒါပေမယ့် ဘယ်သူက ဒီလို အဖြစ်အပျက်မျိုးကို ဇွတ်မှိတ်ယုံနိုင်မှာလဲ..။ +++ အခန်း (၃၆) (က) သူဇာလွင့် အပြေးဖိနပ်တွေက လမ်းပေါ်မှာ စည်းချက်ညီညီ ကျနေတယ်။ မနက်ခင်းရဲ့ လေကောင်းလေသန့်ကို သူဇာလွင် အားရပါးရ ရှူသွင်းရင်း အတွေးနယ်ချဲ့နေမိတယ်။ အပြေးလေ့ကျင့်ရင်း စဉ်းစားခန်းဖွင့်ရတာလောက် ငြိမ်းချမ်းတာ ဒီကမ္ဘာမှာ ရှိမယ်မထင်ဘူး..။ မင်းခန့်ထူးနဲ့ စတွေ့ခဲ့တဲ့‌ ရက်ကနေ စပြီး ရေမယ်ဆိုရင် တစ်လလောက် ရှိပြီထင်တယ်။ အချိန် ဒီလောက် ကြာသွားပေမယ့် သူဇာလွင် နေသားမကျသေးဘူး။ သူများကိုယ်ခန္ဓာထဲမှာ ဝင်နေနေရတဲ့ ဝင်ကစွပ်တစ်ကောင်လို နေရထိုင်ရတာ တစ်မျိုးကြီး ဖြစ်နေတယ်။ ကိုယ်ထဲကို လတ်လတ်ဆတ်ဆတ် အသစ်ရောက်လာတဲ့ ခွန်အားတွေ၊ အာရုံတွေက သူဇာလွင်နဲ့ စိမ်းနေတယ်။ ကိုယ့်ကိုယ်ကိုယ် လူမဟုတ်တဲ့ သတ္တဝါတစ်ကောင်လို ခံစားနေရတာလည်း အဆင်မပြေဘူး။ ရုံးကနေ သူဇာလွင် ခွင့်ယူထားတယ်။ ဘယ်နေ့ ပြန်သွားဖြစ်မလဲ.. မသေချာဘူး။ အလုပ်လုပ်ဖို့ စိတ်မပါသေးဘူး။ ခဏလေး နားပါရစေ..။ ပြီးတော့ အခုနေ ရုံးပြန်ရောက်သွားရင် မေးလာမယ့် မေးခွန်းတွေကို မဖြေချင်ဘူး။ ကေသီမောင် ဆိုတဲ့ မိန်းမကတော့ ကွယ်ရာမှာ ဘာတွေပြောနေပြီလဲမသိ။ ရုံးကအထက်အရာရှိတွေကတော့ သူဇာလွင့်ကို ဘာမှ မပြောပါဘူး။ ဓားပြတွေလက်ချက်နဲ့ သေကံမရောက် သက်မပျောက်ဘဲ ကျန်ခဲ့တဲ့ မိန်းကလေးဆိုပြီး ဝိုင်းတောင် သနားကြသေးတယ်။ ရုံးတွင်းပိုင်း လုံခြုံရေးတွေကို တိုးမြှင့်မယ်…တဲ့။ လုံခြုံရေး သုံးယောက်လည်း ထပ်ခေါ်ထားတယ် ပြောတယ်။ ညစောင့်ဦးလေးကြီးကတော့ လွန်ခဲ့တဲ့ သုံးရက်လောက်ကပဲ ဆေးရုံက ဆင်းသွားပြီလို့ကြားတယ်။ သူလည်း ရုံးပြန်မတက်သေးဘူး။ သူဇာလွင့်လိုပဲ .. အိပ်မက်ဆိုးတွေကို မေ့ဖျောက်ဖို့ ကြိုးစားနေတာနေမှာပေါ့။ သူဇာလွင် ပြေးနေတဲ့ အရှိန်ကို မြှင့်လိုက်တယ်။ သူဇာလွင့် အိမ်နဲ့ အခု သူဇာလွင် ဦးတည်နေတဲ့ နေရာက ၁၀ မိုင်ကျော်ကျော်လောက် ဝေးလိမ့်မယ်။ ဒါပေမယ့် သူဇာလွင့် အသက်ရှူသံက ပုံမှန်ပဲ။ ပိုမြန်မလာဘူး။ သူဇာလွင့် ကိုယ်က ချွေးတစ်စက် မထွက်သေးဘူး။ ပလက်ဖောင်းပေါ်က လမ်းသွားလမ်းလာတွေက သူတို့ဘေးက ဖြတ်ပြေးသွားတဲ့ သူဇာလွင့်ကို မသိမသာ တစ်မျိုး၊ သိသိသာသာ တစ်မျိုး ကြည့်ကြတယ်။ တီရှပ်ဝတ်ထားတဲ့အတွက် သူဇာလွင့် လက်တစ်ဖက်တစ်ချက်စီမှာ အပြည့်ပေါ်နေတဲ့ ဆေးမင်ရုပ်‌တွေကို မေးငေါ့ရင်း တချို့က အားကျတဲ့မျက်လုံးတွေနဲ့ ကြည့်ကြသလို၊ အပြစ်တင်ရှုံ့ချတဲ့ အသံတွေလည်း မသဲမကွဲကြားရတယ်။ သူဇာလွင် သူတို့ကို လှည့်မကြည့်ဖြစ်ဘူး။ ခေါင်းထဲမှာ သူတို့အတွက် နေရာ မရှိဘူး။ နေ့တိုင်း သွားနေကျနေရာဖြစ်တဲ့အတွက် သူဇာလွင့် ခြေထောက်တွေက ကွေ့ရမယ့်နေရာရောက်တော့ အလိုလို ကွေ့ချသွားတယ်။ မနက်ခင်း နေရောင်က ပတ်ဝန်းကျင်တစ်ခုလုံးကို အဝါရောင်ဖျော့ဖျော့ ပက်ဖြန်းထားတယ်။ အဆောက်အဦးရှေ့ကို ရောက်တော့ သူဇာလွင် ပြေးနေရာကနေ ရပ်လိုက်တယ်။ (ခ) “ဟာ..အစ်မ”.. ကောင်တာက ကောင်လေးက သူဇာလွင့်ကိုတွေ့တော့ ပြုံးပြရင်း ပြောတယ်။ “အစ်မကတော့ နေ့တိုင်း မပျက်မကွက်ပဲနော်”
إظهار الكل...
မင်းခန့်ထူးရဲ့ နှလုံးခုန်သံ ဖွဖွ သူဇာလွင့် လက်ဝါးတွေကို လာထိတယ်။ ရင်ထဲက အလုံးကြီးကျသွားသလို သူဇာလွင် ဖင်ထိုင်လျက်သား ထိုင်ချလိုက်တယ်။ တသွင်သွင် ကျနေတဲ့ မျက်ရည်တွေကို အခုမှ သုတ်နိုင်တယ်။ ကြမ်းပြင်မှာ ကျနေတဲ့ ဖုန်းကို ပြေးကောက်တယ်။ သိထားသမျှ အရေးပေါ် နံပါတ်တွေကို တစ်ခုပြီး တစ်ခု ဆက်တိုက် ခေါ်တယ်။ ဗလုံးဗထွေးနဲ့ အကူအညီတွေ တောင်းမိတယ်။ ပြီးတဲ့အခါ.. သတိလည်မလာသေးတဲ့ မင်းခန့်ထူးရဲ့ဘေးနားမှာ အရုပ်တစ်ရုပ်လို ထိုင်စောင့်နေမိတယ်။ +++ အခန်း (၃၅) (က) “ညီမရယ် သေသေချာချာ ပြန်စဉ်းစားပါဦး။ မှတ်မိအောင် ကြိုးစားပါ။ ကျွန်တော်တို့ အခက်အခဲ ဖြစ်နေလို့ပါ။ ဘာမှ ထိန်ချန်မထားပါနဲ့” “ဘာကို ထိန်ချန်ထားရမှာလဲ။ ကျွန်မမှာ ဘာမှ ဖုံးကွယ်ထားစရာ အကြောင်းမရှိဘူး”.. သူဇာလွင် ပြောလိုက်တယ်။ “ညီမပဲ စဉ်းစားကြည့်လေ။ ညီမပြောတာတွေကို ကျွန်တော်တို့ လွယ်လွယ်နဲ့ ဘယ်လို လက်ခံရမလဲ။ ရုံးတစ်ခုလုံးကို အထဲကနေ သော့ခတ်ထားတယ်။ ရုံးထဲမှာ သေလုမြောပါး ဖြစ်နေတဲ့ လူနှစ်ယောက် တွေ့ရတယ်။ ညီမတစ်ယောက်ပဲ အကောင်းအတိုင်း” “ကျွန်မလည်း နှာခေါင်းကျိုးသွားတယ်လေ။ အစ်ကို မေ့နေပြီလား”.. သူဇာလွင် သူ့နှာခေါင်းမှာ ထိုးထည့်ထားတဲ့ ဂွမ်းစတွေကို လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။ “အိုကေ။ မှတ်တမ်း အရဆိုရင် မနက် ၄ နာရီခွဲနဲ့ ၅ နာရီခွဲကြား.. အချိန် တစ်နာရီတိတိ အဲဒီရုံးထဲက စီစီတီဗွီတွေ အကုန် ပိတ်သွားတယ်။ စီစီတီဗွီတွေ ပြန်ပွင့်လာတဲ့ အချိန်မှာ တစ်ရုံးလုံးက ပရိဘောဂတွေ ပျက်စီးနေပြီ။ ခင်ဗျား ရုံးခန်းဆိုတာလည်း မြင်မကောင်းအောင် ဖြစ်နေပြီ။ ကိုမင်းခန့်ထူးဆိုတဲ့ လူနဲ့ ညစောင့် ဦးတင်ကို .. သူတို့က သေလုမြောပါး ဒဏ်ရာတွေနဲ့ ဖြစ်နေပြီ။ အဲဒီ အချိန် တစ်နာရီ အတွင်းမှာ ဘာဖြစ်သွားတာလဲဗျ။ မသူဇာလွင် ကျွန်တော်တို့ကို သေသေချာချာ ရှင်းပြပါ” “ကျွန်မ အစ်ကိုတို့ကို ဒီ့ထက်ပိုပြီးလည်း မရှင်းပြတတ်တော့ဘူး။ ကျွန်မ ပြောသလိုပဲ.. ကိုမင်းခန့်ထူးနဲ့ အင်တာဗျူး လုပ်တယ်။ မနက် ၄ နာရီလောက်မှ အင်တာဗျူးက ပြီးတယ်။ ဒါကို အစ်ကိုတို့ မယုံရင် တစ်ရုံးလုံးကလူတွေကို မေးကြည့်လို့ရတယ်။ အင်တာဗျူးအပြီးမှာ သူ့ကို ပြန်လိုက်ပို့ဖို့ဆိုပြီး ညစောင့်ဦးလေးကြီးက လာခေါ်သွားတယ်။ ကျွန်မလည်း ရုံးခန်းတံခါးတွေ ပိတ်၊ မီးတွေပိတ်ပြီး ပြန်မယ်အလုပ်မှာ မိန်းတံခါးကို အတွင်းကနေ သော့ခတ်ထားတာတွေ့တာပဲ။ ပြီးတော့ ကျွန်မ မျက်နှာကို တစ်ယောက်ယောက်က ပိတ်ထိုးလိုက်တယ်။ အဲဒါပြီးတော့ ကျွန်မ သတိလစ်သွားတယ်။ သတိပြန်ရလာတော့ ရဲတွေကို ချက်ခြင်း ဖုန်းဆက်တယ်။ ဒါပဲလေ” “ဒါဆို.. ညီမတို့ကို ရန်ပြုသွားတဲ့သူတွေ ဘယ်ရောက်သွားသလဲ။ ကျွန်တော်တို့ ရောက်လာတဲ့အထိ မိန်းတံခါးက အထဲကနေ သော့ခတ်ထားတုန်းပဲ။ သော့ကို တိုက်ဖျက်ပြီး ဝင်ရတာလေ။ ဟုတ်တယ်မဟုတ်လား”.. ရဲအရာရှိက သူဇာလွင့်ကို မေးတယ်။ “အဲဒါတော့ ကျွန်မ မသိဘူး။ ပြတင်းပေါက်က ခုန်ဆင်းသွားတာနေမှာပေါ့”.. သူဇာလွင် ပြောလိုက်တယ်။ အပြင်ကို တိုးထွက် ပျောက်ကွယ်သွားတဲ့ အမျှင်တွေ..။ လွတ်ထွက်သွားတဲ့ စကားဝါ မကောင်းဆိုးဝါး..။ “မဖြစ်နိုင်တာ။ ညီမတို့ရုံးရဲ့ ပြတင်းပေါက်တွေ အားလုံးက သံတိုင်တွေနဲ့ အပြင်ကနေ ပိတ်ကာထားတာ။ ဖွင့်လို့ ရတဲ့ ပြတင်းပေါက်တွေ ကလည်း လေးငါးလက်မထက် ပိုပြီး ဟလို့မရအောင် လုပ်ထားတာ” “ကျွန်မကို ဘာဆက်ပြောစေချင်တာလဲဟင်။ ကျွန်မ လုပ်တာပါလို့ ပြောစေချင်တာလား”.. သူဇာလွင် ရဲအရာရှိကို စိုက်ကြည့်ပြီးမေးလိုက်တယ်။ “ဟာ.. မဟုတ်ပါဘူး။ မိန်းကလေးတစ်ယောက်တည်းနဲ့ ဒီလောက်ကြီး လုပ်လိုက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျွန်တော်တို့ သိပါတယ်။ ပြီးတော့ ညီမ ကယ်လိုက်လို့လည်း ကိုမင်းခန့်ထူး အသက်မသေတာ ကျွန်တော်တို့ စီစီတီဗွီထဲမှာ ကြည့်ပြီးပါပြီ”.. ရဲအရာရှိက လက်ကိုကာပြီး ကမန်းကတန်း ပြန်ဖြေတယ်။ “ဒါမျိုးက အဖွဲ့အသင်းနဲ့ ဝင်လုတဲ့ ပုံစံမျိုးမို့ ကျွန်တော်တို့က မေးနေရတာ။ ဒါပေမယ့် ရုံးထဲက ပစ္စည်းတွေလည်း ဘာမှ ပါမသွားဘူးဆိုတော့ စဉ်းစားရကြပ်တယ်ဗျာ” သူဇာလွင် ပခုံးပဲ တွန့်ပြလိုက်တယ်။ ဆက်ပြောစရာ စကားလည်း မရှိတော့ဘူး။ အမှန်တရားဆိုတာ အမြဲတရားပါတယ်..တဲ့..။ ကဲ.. မသူဇာလွင်.. အခု အမှန်ကို ပြောနိုင်သေးရဲ့လား။ “ဒါနဲ့ ညစောင့်ဦးတင်ကို ဆေးရုံမှာ သတိရလာတော့ သူ့တစ်ကိုယ်လုံးက ကားတိုက်ခံထားရသလို ကျိုးကြေနေတာ။ သူ့မေးစေ့ဆိုရင် မြင်းကန်ခံလိုက်ရသလို အဆစ်ပါလွဲ သွားတယ်တဲ့..။ မနည်း ပြန်တည့်ယူရတယ် ပြောတယ်။ ပါးစပ် ဘေးတစ်ဖက် တစ်ချက်စီမှာလည်း ဓားနဲ့ခွဲထားသလို လေးလက်မလောက်စီ ကွဲနေတယ်” သူဇာလွင် တွန့်ခနဲဖြစ်သွားတယ်။ ညစောင့်ဦးလေးကြီးအတွက် တကယ် စိတ်မကောင်းဘူး။ သူဇာလွင့် အပြစ်ပါ..။ “ပြီးတော့ ဦးတင်ကိုက သတိရလာကတည်းက ညီမ နာမည်ကို တတွတ်တွတ်ရွတ်နေတာ ဘာဖြစ်လို့လဲဗျ။ ညီမမျက်လုံးတွေ မည်းနေတယ်ဆိုလား ဘာလား.. အဲဒါပဲ တဖွဖွပြောနေတယ်။ ကျန်တာ စကားမေးမရဘူး” “ကျွန်မက သတိရလာတာနဲ့ သူ့ကို အရင်ပြေးထူတာလေ။ မိတ်ကပ်တွေပျက်ပြီး ကျွန်မ မျက်လုံးတစ်ဝိုက် မည်းနေတာကို ပြောချင်တာနေမှာပါ။ ခပ်မှောင်မှောင်ဆိုတော့ သူလည်း သေချာ ဘယ်မြင်ရမလဲ”
إظهار الكل...
“အင်း”.. သူဇာလွင် ပြန်ပြောရင်း ဖြည့်စရာရှိတဲ့ ဖောင်တွေကို ဖြည့်တယ်။ လက်မှတ်ထိုးတယ်။ ကောင်လေးက သူဇာလွင့် လက်က ဆေးမင်ရုပ်တွေကိုကြည့်ပြီး သဘောကျသလို လက်မထောင်ပြတယ်။ ဒါနဲ့ဆို ဒီကောင်လေး လက်မထောင်ပြတာ အခါ ၂၀ လောက်ရှိပြီ။ သူဇာလွင် သူ့ကို ပြန်ပြုံးပြပြီး ကောင်တာရှေ့ကနေ ထွက်လာလိုက်တယ်။ ဓာတ်လှေကားရှေ့ရောက်တော့ ဓာတ်လှေကား ခလုတ်ကို နှိပ်တယ်။ ဓာတ်လှေကားထဲရောက်မှ သူဇာလွင် ဟန်းဖုန်းကို ထုတ်ကြည့်တယ်။ ဆိုရှယ်မီဒီယာမှာ ပွထနေတဲ့ မင်းခန့်ထူးရဲ့ သတင်းတွေ။ Ruby Herald ရုံးခန်းမှာ အနုကြမ်းစီးမှု တစ်ခုဖြစ်ပြီး မင်းခန့်ထူး အတိုက်ခိုက်ခံရတဲ့ အကြောင်း။ သေလုမြောပါး ဖြစ်သွားတဲ့အကြောင်း။ တရားခံတွေကို အခုထိ မမိသေးတဲ့အကြောင်း။ သူဇာလွင့် ဓာတ်ပုံကိုလည်း မီဒီယာတွေထဲမှာ ဝေဝေဆာဆာ ဖော်ပြထားကြတယ်။ တစ်ရက်တစ်ရက် ဒီသတင်းတွေချည်းပဲ။ ကြာရင်တော့ မေ့သွားမှာပါ..။ သူဇာလွင့် လုပ်ဖော်ကိုင်ဖက်တွေက ပို့ထားတဲ့ မက်ဆေ့ချ်တွေလည်း မနည်းမနောပဲ။ အဆင်ပြေပါတယ်.. စိတ်မပူပါနဲ့လို့ပဲ အားလုံးကို စာပြန်ထားတယ်။ အောင်မယ်.. ကေသီမောင်ကတောင် စာပို့ထားသေးတယ်။ ‘အေးအေးဆေးဆေး အနားယူနော်.. ရုံးမလာလည်း ဘာမှမဖြစ်ဘူး.. သူရှိပါတယ်’ တဲ့..။ လဲသေလိုက်။ သူဇာလွင် ဟန်းဖုန်းကို ပြန်ပိတ်လိုက်တယ်။ ဓာတ်လှေကားထဲက ထွက်လိုက်တယ်။ ကော်ရစ်ဒါမှာ သွားလာနေကြတဲ့ လူတွေ မနည်းမနောပဲ။ ညာဘက်ကို ကွေ့လိုက်တော့ အခန်း ၃ ခန်း တန်းစီထားတဲ့ ကော်ရစ်ဒါဘက်ကို ရောက်သွားတယ်။ တတိယမြောက် နောက်ဆုံးအခန်းထဲကို သူဇာလွင် ဝင်လိုက်တယ်။ “ဘာထူးသေးလဲ ဆရာမ”.. သူဇာလွင် မေးလိုက်တယ်။ မင်းခန့်ထူးရဲ့ ကုတင်ဘေးမှာ ရပ်ရင်း အလုပ်ရှုပ်နေတဲ့ ဆရာဝန်မက သူဇာလွင့်ကို တွေ့တော့ ပြုံးပြတယ်။ ပြီးမှ ခေါင်းကို မသိမသာခါတယ်။ “ဘာမှ မထူးပါဘူး။ ဒီလို ကေ့စ်မျိုးက အချိန်တိုအတွင်း ထူးခြားလာတာမျိုး မရှိနိုင်ဘူးလေ” သူဇာလွင် ထိုင်ခုံတစ်လုံးကိုယူ၊ မင်းခန့်ထူးဘေးမှာ ဝင်ထိုင်လိုက်တယ်။ “သူသတိရဖို့ ဘယ်လောက်တောင် ကြာဦးမှာလဲဟင်”.. သူဇာလွင် မင်းခန့်ထူးကို ကြည့်ရင်း ဆရာမကို မေးလိုက်တယ်။ မင်းခန့်ထူးရဲ့ ခေါင်းက ဆံပင်တွေ မရှိတော့ဘူး။ ဦးခေါင်းခွံထဲမှာ သွေးယိုသွားတယ်ဆိုလား.. အဲဒါ ခွဲစိတ်ဖို့ ရိတ်လိုက်ရတယ်။ မျက်နှာတစ်ခုလုံးက သွေးမရှိသလို ဖြူဖျော့နေတယ်။ နှာခေါင်းထဲမှာ ပိုက်တန်းလန်း။ ပါးစပ်ကတော့ တစ်ခုခုကို ပြောချင်သလိုလို မသိမသာ ဟနေတယ်။ ဒါပေမယ့် မင်းခန့်ထူး ဘာစကားမှ မပြောတာ တစ်လရှိပြီ။ သတိလည်မလာတာ တစ်လရှိပြီ။ အသက် ၂၀ အရွယ် မင်းခန့်ထူးမျက်နှာနဲ့.. အခု အသက် ၄၅ နှစ်အရွယ် မင်းခန့်ထူးရဲ့ မျက်နှာ.. ပြောင်းလဲမှုက သိသာလွန်းနေတယ်။ အရမ်းကြီး အိုစာသွားတာမျိုးတော့မဟုတ်။ ဒါပေမယ့်.. လွန်ခဲ့တဲ့ တစ်လကျော်ကျော် အချိန်က သူဇာလွင်နဲ့ တစ်ရက်နဲ့ တစ်ည.. စကားပြောသွားခဲ့တဲ့ မင်းခန့်ထူးထက် အသက်အများကြီး ပိုကြီးသွားတာတော့ သေချာတယ်။ “သူအသက်ရှင်နေသေးတာတောင် အံ့ဩဖို့ ကောင်းနေပြီ”.. ဆရာမက ပြောပြီးမှ စကားလွန်သွားတာကို သတိရသွားသလို မျက်နှာပျက်သွားတယ်။ “ဟို.. ဆရာမ ပြောချင်တာက.. သူ့ ကိုယ်ထဲက အတွင်းအင်္ဂါ တော်တော်များများက လုံးခြေထားသလို ပျက်စီးကုန်တာ။ အသည်း၊ ကျောက်ကပ်၊ နှလုံး..အကုန်လုံး သစ်ရွက်ခြောက်လို ဖြစ်သွားတာလေ။ သူအခု ဘယ်လို အသက်ဆက်ရှင်နေသလဲဆိုတာ ဆရာမတို့ ကိုယ်တိုင်တောင် မသေချာဘူး” သူဇာလွင် ခေါင်းညိတ်လိုက်တယ်။ မင်းခန့်ထူး ဘာကြောင့် အသက်ဆက်ရှင်နေသလဲဆိုတာ သူဇာလွင် တစ်ယောက်ကလွဲရင် ဘယ်သူမှ သိမယ်မထင်ဘူး..။ အထူးကု ဆရာဝန်ပေါင်းများစွာ၊ မင်းခန့်ထူးဘေးနားမှာ ပတ်လည်ဝိုင်းနေခဲ့တာ။ ရှင်းလို့မရတဲ့ ပြဿနာတစ်ခုကို အဖြေထုတ်ဖို့ ကြိုးစားခဲ့ကြတာ..။ ဒါပေမယ့် တစ်ရက်ကနေ နှစ်ရက်.. နှစ်ရက်ကနေ တစ်ပတ်.. တစ်ပတ်ကနေ တစ်လလောက်ကြာသွားတော့.. အားလုံးရဲ့ စိတ်ဝင်စားမှုက ပြန်လျော့သွားတာပါပဲ။ သာမန် ကိုမာကေ့စ် တစ်ခုအနေနဲ့ ဒီဆေးရုံမှာ ချောင်ထိုးထားလိုက်တော့တာပါပဲ။ သေသလား ရှင်သလား မသိတဲ့ သူဇာလွင့် အမေ မမမေ..။ အခုထိ သတိရမလာသေးတဲ့ ကိုမင်းခန့်ထူး..။ ဘယ်ရောက်နေမှန်းမသိတဲ့ စကားဝါ သတ္တဝါ..။ သူဇာလွင် သက်ပြင်းချလိုက်တယ်။ လွန်ခဲ့တဲ့ တစ်လလုံးလုံး သူဇာလွင် မမမေအကြောင်းတွေကို မနားမနေ စုံစမ်းတယ်။ မုယောရွာရဲ့ သတင်းတွေကို လိုက်ရှာတယ်။ ဘာမှ ထူးထူးခြားခြား မတွေ့ရဘူး။ ရုံးခန်းထဲမှာ ကျကျန်နေခဲ့တဲ့ လော့ကတ်သီးကို ပြန်သွားယူပြီး ဖွင့်ကြည့်သေးတယ်။ အထဲက ပပဝေ.. နာမည် ရေးထားတဲ့ ဓာတ်ပုံက မီးကျွမ်းသွားသလို ပြာစတွေဖြစ်၊ တစ်စစီကြွေလို့။ အမေ့ရဲ့ မှတ်စုစာအုပ်ကိုလည်း ဖင်ပြန် ခေါင်းပြန် ထောင့်စေ့နေအောင် ဖတ်ပြီးပြီ။ ဘာသဲလွန်စမှ မရဘူး။ အမေ သေသွားသလား .. အသက်ရှိနေသေးသလား ဆိုတဲ့ အဖြေကို သူဇာလွင် ဘယ်တော့မှ သိရတော့မယ် မထင်ဘူး။ တာဝန်ကျ ဆရာဝန်မက .. မင်းခန့်ထူးကို စိုက်ကြည့်ရင်း အတွေးနွံထဲနစ်နေတဲ့ သူဇာလွင့်ကို ခပ်ယဲ့ယဲ့ တစ်ချက်ပြုံးပြပြီး အပြင်ထွက်သွားတယ်။ တတီတီ မြည်နေတဲ့ စက်သံသဲ့သဲ့ကြောင့် အခန်းက ပိုပြီး စိတ်ဓာတ်ကျချင်စရာကောင်းနေတယ်။ သူဇာလွင် အခန်း ပြတင်းပေါက်တွေကို ဖွင့်လိုက်တယ်။ အပြင်ကဝင်လာတဲ့ အလင်းရောင်နဲ့ မနက်ခင်းလေကြောင့် စိတ်ပျက်စရာ အငွေ့အသက်တွေ နည်းနည်းလေးတော့ ပြေလျော့သွားတယ်။
إظهار الكل...
သူဇာလွင် သူ့လက်ချောင်းတွေသူ ပြန်ကြည့်တယ်။ ခပ်ယဲ့ယဲ့အလင်းရောင်ထဲမှာ သူဇာလွင့် လက်ချောင်းတွေက ပုံမှန်အတိုင်း ရှည်ရှည်သွယ်သွယ်တွေ..။ လက်တွေဘာတွေ ကျိုးသွားပြီလားမသိဘူး.. သူဇာလွင် တွေးမိတယ်။ ဒါပေမယ့် ဘာမှ မခံစားရဘူး။ ကိုယ်ထဲက ကြောက်စိတ်တွေ ဘယ်ရောက်သွားတာလဲ.. သူဇာလွင် စိတ်ထဲမှာ ပြန်မေးကြည့်တယ်..။ ခြံထဲက လွတ်ထွက်လာတဲ့ နွားရိုင်းတစ်ကောင်လို.. တဟုန်းဟုန်းတောက်နေတဲ့ စိတ်ဓာတ်က ဘာလဲ.. ဒေါသလား..။ သူဇာလွင် မသိဘူး။ ညစောင့်ဦးလေးကြီး မျက်နှာနဲ့.. သတ္တဝါက ကြမ်းပြင်ကနေ ပြန်ထလာတယ်။ သူဇာလွင့်ကို မော့ကြည့်နေတဲ့ သူ့မျက်နှာမှာ အရိပ်တစ်ခု ဖြတ်ပြေးသွားတယ်။ သူဇာလွင် သူ့ကိုယ်ထဲမှာ ရှာမရတဲ့ ကြောက်စိတ်တွေကို အဲဒီ မကောင်းဆိုးဝါးရဲ့ မျက်နှာမှာ တွေ့လိုက်ရတယ်။ “နင်က ငါ့ထက် အများကြီး ပိုလုပ်နိုင်မှာပါ..။ ဟုတ်တယ်မဟုတ်လား။ အားသစ် အင်သစ်.. သွေးသစ်နဲ့ဆိုရင် အဲဒီမကောင်းဆိုးဝါးက နင့်ကို ရင်တောင် ရင်ဆိုင်ရဲမှာ မဟုတ်ဘူ;”..တဲ့..။ မမမေ..ရဲ့ စကားကို သူဇာလွင် ပြန်သတိရသွားတယ်။ “ငါဘယ်သူလဲဆိုတာ နင်သိတယ်မဟုတ်လား”.. သူဇာလွင်.. သူ့ပါးစပ်က ထွက်လာတဲ့ လေသံမာမာကို သူ့ကိုယ်သူ မယုံနိုင်ဘူးဖြစ်နေတယ်။ ဒါပေမယ့် စကားလုံးတွေက အထပ်ထပ်အခါခါ လေ့ကျင့်ထားတဲ့ ကဗျာတစ်ပုဒ်ကို ပါးစပ်ထဲကနေ အလိုလို ခုန်ထွက်လာတာ။ မကောင်းဆိုးဝါးက ခေါင်းကို ညာဘက်ကို စောင်း၊ ပါးစပ်ကို ဟပြီး အသံဆိုးနဲ့ အော်တယ်။ ပြုတ်ထွက်လာတဲ့ သွားတချို့ ပါးစပ်၀မှာ ကပ်နေတယ်။ “ငါ့နာမည် ပပဝေ။ နင်အခု ထွက်သွား”.. သူဇာလွင့် အသံက မမှတ်မိချင်စရာကောင်းလောက်အောင် အေးစက် မာကျောနေတယ်။ မကောင်းဆိုးဝါးက လည်ပင်းထဲမှာ တစ်ခုခု တစ်နေသလို အေ့ခနဲ အေ့ခနဲ အန်ထုတ်ဖို့ ကြိုးစားတယ်။ ပါးစပ်ထဲက အနက်ရောင် အရည်တွေ လုံးထွေးပြီး လျှံကျလာတယ်။ “ထွက်သွားလို့ ပြောနေတယ်နော်။ ဒီလူကို ဘာမှ ဒုက္ခပေးဖို့ မကြံနဲ့” သတ္တဝါက မျက်နှာကို ဘယ်ညာ တဆတ်ဆတ်ခါတယ်။ ခေါင်းကို အပေါ်ကို မော့လိုက်တယ်။ ပါးစပ်ကို အကျယ်ကြီးဟတယ်။ ကောင်းနေသေးတဲ့ လက်တစ်ဖက်နဲ့ သူ့ပါးစပ်ထဲသူ လက်ထိုးထည့်တယ်။ လက်က လက်ကောက်ဝတ်နားအထိ စွပ်ခနဲ ဝင်သွားတယ်။ ရင်ဘတ်ထဲကနေ တစ်စုံတစ်ရာကို နှိုက်ထုတ်နေသလို ဦးလေးကြီးရဲ့ တစ်ကိုယ်လုံး တွန့်လိမ်ကောက်ကွေးနေတယ်။ တဂတ်ဂတ်အသံတွေနဲ့အတူ.. လက်ကို ပါးစပ်ထဲကနေ ပြန်ဆွဲထုတ်လိုက်တယ်။ လက်ထဲမှာ အဆုပ်လိုက် ပါလာတဲ့ အမျှင်တွေ..။ မည်းမည်းအမျှင်တွေ ပါးစပ်ထဲက ဆက်တိုက် ထွက်လာတယ်။ ဦးလေးကြီး အရှေ့ကို ပြန်ငုံ့ပြီး ကြမ်းပြင်ပေါ်မှာ လေးဘက်ထောက် လိုက်တယ်။ တဝေါ့ဝေါ့နဲ့ အမျှင်တွေကို ဆက်တိုက် အန်ထုတ်တယ်။ ခဏလေးအတွင်းမှာ သူဇာလွင့် ရုံးခန်းကြမ်းပြင်တစ်ခုလုံး အမည်းရောင် အရည်တွေ အမျှင်တွေနဲ့ အိုင်ထွန်းသွားတယ်။ နောက်ဆုံး အသုတ်အဖြစ် အမျှင်မည်းမည်းတွေကို ဂွပ်ခနဲ အန်ထုတ်လိုက်ပြီးတဲ့အချိန်မှာ ဦးလေးကြီးရဲ့ အဖြူရောင် မျက်လုံးတွေထဲမှာ မျက်ဆံအနက်..နှစ်စုံ ပြန်ပေါ်လာတယ်။ သူဇာလွင့်ကို နားမလည်သလို အကြည့်နဲ့ ကြည့်ရင်း ညစောင့်ဦးလေးကြီး ဘေးကို လဲကျသွားတယ်။ ကြောင်ပြီး ကြည့်နေမိတဲ့.. သူဇာလွင် အခုမှ သတိပြန်ဝင်လာတယ်။ ဦးလေးကြီးဆီကို အမြန်ပြေးသွားတယ်။ ကြမ်းပြင်က မည်းမည်း အမျှင်တွေက သူဇာလွင့် ခြေလှမ်းတွေနဲ့ ဝေးရာကို ရှဲခနဲ ရှဲခနဲ ထွက်ပြေးတယ်။ သူဇာလွင် အဲဒီ အမျှင်တွေကို ဂရုမစိုက်အားသေးဘူး။ “ဦးလေး.. ဦးလေး”.. ညစောင့်ဦးလေးကြီးရဲ့ ဘေးမှာဒူးထောက်ထိုင်တယ်။ သူ့ကိုယ်လုံးကို အသာ လှုပ်ခါကြည့်တယ်။ ဦးလေးကြီးရဲ့ မျက်လုံးတွေ ခဏပြန်ပွင့်လာပြီး သူဇာလွင့်ကို ကြည့်တယ်။ ဦးလေးကြီးရဲ့ မျက်နှာက ကြောက်စိတ်ကြောင့် ပြာနှမ်းသွားတယ်။ “နင့်မျက်လုံးတွေ.. နင့်မျက်လုံးတွေ..”.. ဒီနှစ်ခွန်းပြောပြီးတာနဲ့ ညစောင့် ဦးလေးကြီး မျက်လုံးတွေကို ပြန်မှိတ်၊ သတိလစ်သွားတယ်။ “ပြဿနာပဲ”.. သူဇာလွင် ခပ်တိုးတိုး ညည်းလိုက်တယ်။ သူဇာလွင့် မျက်လုံးတွေ ကြမ်းပြင်မှာ တလွန့်လွန့်လူးနေတဲ့ အမျှင်တွေဆီကို ပြန်ရောက်သွားတယ်။ မည်းမည်း အမျှင်တွေက နံရံပေါ်ကို တွယ်တက်ဖို့ ကြိုးစားတယ်။ စားပွဲ အကျိုးအပျက်တွေကြားမှာ တတွန့်တွန့်နဲ့ သွားနေရင်း တွေ့သမျှ အရာတွေကို ရစ်ပတ်ဖို့ ကြိုးစားတယ်။ “ကျွန်မ ဘာဆက်လုပ်ရမှာလဲ အမေ”.. အဖြေတစ်ခုခုများ ကြားရမလား.. သူဇာလွင် မေးလိုက်တယ်။ အာရုံထဲမှာ ဘာမှ ပေါ်မလာဘူး။ အမျှင်တွေက နံရံပေါ်ကို တဖြည်းဖြည်းတက်ရင်း ထွက်ပေါက်ရှာနေတယ်။ သူဇာလွင် ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။ ဒီသတ္တဝါ ထွက်ပြေးမလို့ ကြိုးစားနေတာ။ အခန်း အပြင်ကို ထွက်မလို့ ကြံနေတာ။ ဦးလေးကြီးဘေးမှာ ဒူးထောက်ထိုင်နေရာကနေ သူဇာလွန် အမြန်ပြန်ထလိုက်တယ်။ နံရံကို တွယ်တက်နေတဲ့ မည်းမည်းအမျှင်အထွေးတွေဆီကို ပြေးတယ်။ အမျှင်တွေကို လက်နဲ့ လှမ်းဖမ်းတယ်။ သူဇာလွင့် လက်ထဲမှာ ပါလာတဲ့ အမျှင်တချို့.. ဆီပူထဲကျတဲ့ ရေစက်တွေလို ရှဲခနဲ ထမြည်တယ်။ အမှုန့်အမှုန့်တွေ ဖြစ်သွားတယ်။ သူဇာလွင် ကျန်တဲ့ အမျှင်တွေကို လက်နဲ့ ဆွဲသိမ်းဖို့ ကြိုးစားတယ်။ လက်တစ်ဆုပ်စာ..တစ်ဆုပ်စာစီ ပါလာတဲ့ အမျှင်တွေအကုန် သူဇာလွင့် လက်ထဲမှာ တရှဲရှဲနဲ့ အငွေ့ပျံပျောက်ကွယ်ကုန်တယ်။ ကျန်တဲ့ အမျှင်တွေကို လိုက်ဖမ်းဖို့ ကြိုးစားပေမယ့် မမီတော့ဘူး။
إظهار الكل...
နံရံရဲ့ အဲယားကွန်းအပေါက်ထဲကို ဝင်ရောက် ပျောက်ကွယ်သွားတဲ့ အမျှင်တွေကို သူဇာလွင် ကြောင်ကြည့်နေမိတယ်။ သွားပြီ.. သွားပြီ..။ ဒီမကောင်းဆိုးဝါး.. လွတ်ထွက်သွားပြီ။ ဘယ်နေရာမှာ ပြန်ပေါ်လာမှာလဲ။ လူတွေ ဘယ်နှယောက် ထပ်သေဦးမှာလဲ။ “ဆက်ဖြစ်လာမယ့် အဖြစ်အပျက်တွေဟာ ခင်ဗျား အပြစ် မဟုတ်ပါဘူး မသူဇာ”..တဲ့။ မင်းခန့်ထူးကတော့ ပြောသွားတာပဲ..။ ဒါပေမယ့်..။ မင်းခန့်ထူး။ မင်းခန့်ထူး.. ဆိုတဲ့ နာမည်ကို တွေးလိုက်မိတာနဲ့ သူဇာလွင့် တစ်ကိုယ်လုံး သတိအနေအထားနဲ့ ဆတ်ခနဲ ဖြစ်သွားတယ်။ ရုံးခန်းထဲကနေ သူဇာလွင် ပြေးထွက်လိုက်တယ်။ (ခ) သူဇာလွင် မိန်းဘုတ်ကို အရင်ပြေးဖွင့်တယ်။ လင်းခနဲ ဖြစ်သွားတဲ့ အလင်းရောင်အောက်မှာ သူဇာလွင့် မျက်လုံးတွေ ကျိန်းစပ်သွားပြီး ခဏ မျက်လုံးမှိတ်ထားလိုက်ရတယ်။ မျက်စိကို ပြန်ဖွင့်လိုက်တော့ အလင်းရောင်တွေ လျော့သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ရုံးခန်းပတ်ပတ်လည်ကို သူဇာလွင် ကြည့်လိုက်ပြီး ခေါင်းနပန်းကြီးသွားတယ်။ ပင်မရုံးခန်းတစ်ခုလုံးက မှတ်မိစရာ မရှိလောက်အောင်ကို ပျက်စီးနေပြီ။ တစစီ ပြုတ်ထွက် ကျိုးကြေနေတဲ့ ရုံးခန်းအကန့်တွေ။ ကြမ်းပြင်မှာ ပြုတ်ကျ ကွဲပြဲနေတဲ့ ကွန်ပြူတာ မော်နီတာတွေ။ ပရင်တာတွေ။ မိတ္တူကူးစက်ကလည်း တုံးလုံးပက်လက်။ ငါတော့.. ပြဿနာတက်ပြီ။ သူဇာလွင် တွေးလိုက်မိတယ်။ အတွေးကို ခေါင်းထဲကနေ အမြန် ခါထုတ်လိုက်တယ်။ ဒါအရေးမကြီးဘူး။ နောင်ဖြစ်မယ့် ပြဿနာ နောက်မှ ရှင်း.. အခု..အရေးကြီးတာက.. တံခါး၀နားကို သူဇာလွင် အမြန်လျှောက်သွားလိုက်တယ်။ ကြမ်းပြင်က သွေးအိုင်ထဲမှာ မှောက်လျက်လဲနေတဲ့ မင်းခန့်ထူး။ “ကိုမင်းခန့်”.. သူဇာလွင် မင်းခန့်ထူးဘေးကို ပြေးသွားလိုက်တယ်။ (ဂ) မင်းခန့်ထူးရဲ့ တစ်ကိုယ်လုံး မြင်မကောင်းအောင် စုတ်ပြတ်သတ်နေတယ်။ ခေါင်းမှာလည်း အက်ကွဲရာကြီး တစ်ခု။ သွေးတွေ တပွက်ပွက် စိမ့်ထွက်နေတယ်။ ရင်ဘတ်နဲ့ လည်ပင်းတစ်ဝိုက်မှာလည်း ရှပြဲရာတွေ ပွလို့။ ပြီးတော့ ..အနှစ် ၂၀ လောက် အိုစာသွားတဲ့ သူ့ရဲ့ မျက်နှာ..။ သူဇာလွင့်ရင်ထဲ နင့်ခနဲ ဖြစ်သွားတယ်။ သိပ်နုပျိုနေခဲ့တဲ့ မင်းခန့်ထူး.. အခုတော့ တကယ့် ၄၅ နှစ်အရွယ် လူတစ်ယောက်နဲ့ တူသွားပြီပေါ့။ “ကိုမင်းခန့်ထူး။ ကိုမင်းခန့်ထူး..”.. သူဇာလွင် မင်းခန့်ထူးကို လည်ပင်းကနေ ကောက်ပွေ့ရင်း တတွတ်တွတ်ခေါ်တယ်။ မင်းခန့်ထူးရဲ့ မျက်လုံးတွေ နည်းနည်းလေး ပွင့်လာတယ်။ “ခင်ဗျား ဘာမှ မဖြစ်ဘူးနော်”.. မင်းခန့်ထူးက ပြောရင်း ယဲ့ယဲ့လေး ပြုံးလိုက်တယ်။ စကားလုံးတွေနဲ့အတူ ပါးစပ်ထဲက သွေးတချို့ အပြင်ကို ယိုထွက်လာတယ်။ “ကိုမင်းခန့်.. ခဏလေး.. ကျွန်မ ဆေးရုံကို ဖုန်းဆက်မယ်” “ဒါ ခင်ဗျား အပြစ်မဟုတ်ဘူး.. မသူဇာ..”.. မင်းခန့်ထူးကပြောရင်း မျက်လုံးတွေ ပြန်ပိတ်သွားတယ်။ တစ်ကိုယ်လုံး တစ်ချက်နှစ်ချက် တုန်ပြီး ငြိမ်သက်သွားတယ်။ “ဟာ… ကိုမင်းခန့်။ စိတ်ကို တင်းထားလေ… မလုပ်နဲ့” သူဇာလွင် ပျာယာခတ်သွားတယ်။ မင်းခန့်ထူးရဲ့ နှာခေါင်း၀မှာ လက်ညှိုးကို တေ့ကြည့်တယ်။ အသက်မရှူတော့ဘူး။ မင်းခန့်ထူးရဲ့ ရင်ဘတ်မှာ လက်ဖဝါးကို တင်ကြည့်တယ်။ နှလုံး မခုန်တော့ဘူး။ အရေးပေါ်အသက်ကယ်ဆယ်ရေးလုပ်ဖို့ သူဇာလွင် ဝတ်ထားတဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်တယ်။ တံတောင်ဆစ်မှာ တင်းနေတဲ့ ရှပ်အင်္ကျီလက်တွေကို ပင့်တင်လိုက်တယ်။ လက်ဖျံတစ်ဘက်တစ်ချက်စီမှာ ပေါ်နေတဲ့ နဂါးနဲ့ ဂဠုန် ဆေးမင်ရုပ်တွေက သူဇာလွင့် အသားဖြူဖြူပေါ်မှာ ထင်းထင်းကြီးဖြစ်နေတယ်။ အသားထဲမှာ နှစ်ပေါင်းများစွာ စိမ့်ဝင်ထားတဲ့ မင်တွေလို.. ကောက်ကြောင်းတွေက နစ်ဝင်ပီပြင်နေတယ်။ အရုပ်တွေကိုကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်နေရာကနေ သူဇာလွင် ကိုယ့်ကိုယ်ကိုယ် လက်ရှိအခြေအနေထဲကို ပြန်ဆွဲခေါ်လိုက်တယ်။ အရေးမကြီးဘူး။ အရေးမကြီးဘူး.. အရေးကြီးတဲ့သူက.. နင့်ရှေ့မှာ.. အသက်ထွက်နေပြီ။ သူဇာလွင် မင်းခန့်ထူးရဲ့ အင်္ကျီကို ဆွဲဖြဲလိုက်တယ်။ ရင်၀ကို လက်ဖဝါးနှစ်ဖက်နဲ့ စည်းချက်ညီညီ..ဖိတယ်။ မင်းခန့်ထူးရဲ့ ဖူးယောင်နေတဲ့ နှုတ်ခမ်းကို ဆွဲဟ၊ ပါးစပ်ခြင်းတေ့ပြီး လေကို မှုတ်သွင်းတယ်။ လည်ပင်းကို လက်ချောင်းနှစ်ချောင်းနဲ့ ထောက်ပြီး စမ်းတယ်။ နှလုံး ခုန်မလာသေးဘူး။ “ကိုမင်းခန့်ထူး.. မလုပ်ပါနဲ့။ ကျွန်မကို အဲဒီလို မလုပ်ပါနဲ့” စောစောက ကိုယ်ထဲမှာ လောင်ကျွမ်းနေတဲ့ ရဲရင့်ခြင်းတွေ ဘယ်ကို ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြီလဲ.. သူဇာလွင် မသိဘူး။ မင်းခန့်ထူးရဲ့ ရင်ဘတ်ကို နောက်တစ်ခါ ထပ်ဖိတယ်။ ပါးစပ်ထဲကို လေတွေ မှုတ်သွင်းတယ်။ နှလုံး ပြန်ခုန်မလာဘူး။ သူဇာလွင် မျက်စေ့တွေကို စုံမှိတ်လိုက်တယ်။ ရှိသမျှ အာရုံ အကုန်လုံးကို စုစည်းလိုက်တယ်။ သူ့ကိုယ်ထဲကို အခုမှ ဝင်ထားတဲ့ ခွန်အားအသစ်စက်စက်တွေကို လက်ဖဝါးနှစ်ဖက်ဆီကို ပို့လိုက်တယ်။ ပါးစပ်က တိုးတိုးတိုးတိုး ရွတ်တယ်။ “ဒီလူ.. မသေပါစေနဲ့.. သူသေလို့ မဖြစ်ဘူး.. သူသေသွားလို့ မဖြစ်ဘူး။ ကျွန်မကို ကူညီပါ.. ကျွန်မကို ကယ်ပါ..”.. မမြင်ရတဲ့ အရာတစ်ခုကို တိုင်တည်ဆုတောင်းရင်း သူဇာလွင် လက်ဖဝါးနှစ်ဖက်ကို မင်းခန့်ထူးရင်မှာ အပ်လိုက်တယ်။ တစ်စက္ကန့်..။ နှစ်စက္ကန့်.. ။ သုံးစက္ကန့်..။ လက်ဖဝါးအောက်မှာ ခံစားလိုက်ရတဲ့ ခပ်တိုးတိုး တုန်လှုပ်မှုတစ်ခု..။
إظهار الكل...